September 16, 2024

ဧဝံဂေလိအလင်း တောက်ပနေပြီး မျှော်လင့်ခြင်းပြည့်ဝနေသောနေရာ

  • ဂိုဒေါင်ကို ပြုပြင်ပြီး စာသင်ခန်းအဖြစ် အသုံးပြုရာမှ အသစ်ပြောင်းလဲလာသော Hope Private High School
  • အမှုတော်ဆောင်များနှင့် ကျမ်းစာကျောင်းသား ၄၀၀ ယောက်ကို ဧဝံဂေလိမျိုးစေ့ကြဲခဲ့သော CLF 
HOPE Private High School တွင် ပညာသင်ကြားနေကြသော အနာဂတ်ခေါင်းဆောင်များ

မြန်မာ Good news Mission အသင်းတော်မှ တည်ထောင်ထားသော HOPE Private High School တွင် အနာဂတ်ခေါင်းဆောင်များ ပညာသင်ယူနိုင်ရန် စာသင်ခန်း အသစ်ဆောက်သော ပန္နက်တင် ဝတ်ပြုစည်းဝေးပွဲ အခမ်းအနားကို ဆယ်လပိုင်း ၁၇ရက် တွင် မော်ဘီ HOPE Private High School တွင် ကျင်းပခဲ့ပါသည်။

မှော်ဘီ HOPE Private High School စာသင်ခန်း အသစ်ဆောက်သော ပန္နက်တင် ဝတ်ပြုစည်းဝေးပွဲ အခမ်းအနား အမှတ်တရဓါတ်ပုံ

အခမ်းအနားသို့ ကိုရီးယားနိုင်ငံမှ ညီအစ်ကို မောင်နှမများ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများ၊ လုပ်အားပေးရန် ရောက်ရှိလာသော မြန်မာနိုင်ငံတစ်ဝှမ်းမှ ညီအစ်ကိုမောင်နှမများ၊ Hope Private School ၏တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ အယောက် ၂၅၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။

HOPE Private High School ကျောင်းသား ကျောင်းသူများ၏ အက ဖျော်ဖြေမှု

 

အစီအစဉ်အရ Hope Private School ၏ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းတီးခတ်ခြင်း၊ သီဆိုချီးမွမ်းခြင်း၊ နိုင်ငံတကာရိုးရာအကများဖြင့် ကပြဖျော်ဖြေခြင်းများဖြင့် စတင်ပြီး တက်ရောက်လာသူတို့၏ စိတ်နှလုံးကိုရွှင်လန်းစေခဲ့ပါသည်။ ထို့နောက် ဆရာကြီး Rev. Kim Jong Ho မှ နှုတ်ကပတ်တော် ဟောကြားရာတွင် “ယောသပ်က အခြေအနေနဲ့မဆိုင်ဘဲ ဘုရားသခင်ပေးတဲ့ အိပ်မက်အတိုင်း နန်းတော်အုပ်ဖြစ်လာခဲ့ပါတယ်။ ဘုရားသခင်က ယောသပ်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ ဘုရားသခင်က ပန်းချီဆရာနဲ့တူပြီး ကျွန်တော်တို့ရဲ့ စိတ်နှလုံးသား စာရွက်အလွတ်အပေါ်မှာ ပန်းချီတွေအများကြီး ရေးဆွဲထားပါတယ်။ ဘုရားသခင်က ပန်းချီဆွဲပေးတဲ့အတိုင်း ဖြစ်မြောက်လာမှာကို ကျွန်တော်ယုံကြည်ပါတယ်။ ဘုရားသခင်က ယောသပ်ကို အိပ်မက်ပေးသလို ကျွန်တော့်ကိုလည်း Hope Private Hight School  က အကောင်းဆုံးကျောင်းဖြစ်လာမယ်ဆိုတဲ့ အိပ်မက်ပေးထားတယ်။ အိပ်မက်အတိုင်း တကယ်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။”ဟု ဟောပြောခဲ့ပါသည်။

ယင်းနောက်တွင် ပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ရာ ဆရာကြီး Rev. Kim Jong Ho နှင့် ဆရာမကြီး ‌ဒေါ်ရတနာလင်း၊ အသင်းတော်လူကြီး ဦးဂမ်မွန်း၊ တာ၀န်ခံ အင်ဂျင်နီယာ ဦးမာကု၊ Hope Private School တာဝန်ခံ ဆရာသောမတ်စ်၊ အလုပ်ကြီးကြပ်ရေးတာ၀န်ခံ ဆရာကိုဖြိုးတို့မှ ပန္နက်ရိုက်ဖွင့်လှစ်ပေးခဲ့ပြီး Foundation ချခြင်းကို စတင်ခဲ့ပါသည်။

ဆောက်လုပ်မည့် နေရာ၌ ဆရာကြီး Rev. Kim Jong Ho မှ ဆုတောင်း ဆက်ကပ်ခြင်း

မှော်ဘီကျောင်း၏အစ

Hope Private School ကို မှော်ဘီမြို့နယ်၊ ဘို‌ဒေါနကုန်းကျေးရွာရှိ ၈ ဧကအကျယ်အဝန်းရှိသော မြေပေါ်တွင် ၂၀၁၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပါသည်။ အသင်းတော်လူကြီး ဦးခွန်အောင်မှ လှူဒါန်းထားသောမြေဖြစ်ပြီး မူလက ဦးခွန်အောင်သည် စိုက်ပျိုးရေးလုပ်ငန်းလုပ်ဆောင်ရန် ယင်းမြေကို၀ယ်ယူထားခြင်းဖြစ်ပါသည်။ သို့ရာတွင် ဖာရိုဘုရင်သည် အရာခပ်သိမ်းကို ယောသပ်ထံ အပ်နှံသကဲ့သို့ ဦးခွန်အောင်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံယူကာ ဧဝံဂေလိတရားအတွက်အသုံးချရန် အသင်းတော်ထံ အပ်နှံခဲ့ပါသည်။

HOPE Private High School မြေနှင့် အသစ်ဆောက်မည့် စာသင်ဆောင် တည်နေရာ

အစဦးတွင် ထိုမြေသည် မြက်ပင်၊ ခြုံပင်တို့ဖြင့် ဖုံးလွှမ်းကာ တောခေါင်ခေါင်ဖြစ်နေသော်လည်း အာြဗဟံသည် သခင်ယေရှုကြွလာသည့်အချိန်ကို ယုံကြည်ခြင်းအားဖြင့် မြင်ပြီးဖြစ်သကဲ့သို့ ထိုစဉ်က ဘုရားသခင်ကျွန်၏ စိတ်နှလုံးသားထဲတွင်လည်း တောခေါင်ခေါင်ဖြစ်နေသောထိုမြေတွင် သစ်ပင်ပန်းမံတို့ဖြင့် သာယာလှပသော၊ စာသင်ခန်း၊ အနုပညာခန်း၊ သိပ္ပံခန်း၊ စာကြည့်တိုက်၊ စုဝေးကွင်း၊ စိုက်ခင်း၊ ဘောလုံးကွင်း၊ ကားပါကင်တို့ဖြင့် နိုင်ငံတကာအဆင့်မီဆောက်လုပ်ထားသော၊ မျိုးဆက်သစ်ခေါင်းဆောင်များ၊ ဘုရားသခင်ကျွန်များကိုမွေးထုတ်ပေးသော မြန်မာနိုင်ငံ၏ အကောင်းဆုံးကိုယ်ပိုင်ကျောင်းဖြစ်ပေါ်လာမည့် အရာကို ယုံကြည်ခြင်းအားဖြင့် မြင်ပြီးဖြစ်ပါသည်။ကျွန်ုပ်တို့ရဲ့ သားသမီးတွေကို ပညာသင်ပေးရင်း ယုံကြည်ခြင်းလည်း သင်ပေးပြီး အနာဂတ် ခေါင်းဆောင် အဖြစ် ကြီးထွားလာမယ့်အရာကို မျော်လင့်ပြီး မြန်မာနိုင်ငံက အကောင်းဆုံးကျောင်းဖြစ်လာစေမယ်ဆိုတဲ့ အိမ်မက် ပန်းချီး ဘုရားသခင်က ကျွန်ုပ်တို့ကို ပေးခဲ့ပါသည်။

 

အသစ်သော စာသင်ဆောင်

ကျောင်းစတင်ဖွင့်လှစ်ရန် ၂၀၁၉-၂၀ ခုနှစ်မှ စတင်ပြင်ဆင်လာခဲ့သော်လည်း ကိုရိုနာရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ၂၀၂၁ ခုနှစ်မှသာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းအနေအထားမှာ ကွင်းပြင်ထဲတွင် အရိပ်မရှိ၊ ဂိုဒေါင်သာသာ အဆောက်အဦတစ်လုံးကို ကျောင်းစာသင်ခန်းအနေဖြင့်အသုံးကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။ ကျောင်းအဖြစ် အဆင့်မမီသေးဘဲ စမ်းသပ်သည့်အနေဖြင့်သာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ငွေပင်ငွေရင်းဖြင့် ထူထောင်ထားခြင်းလည်းမဟုတ်၊ အဖက်ဖက်တွင်လိုအပ်ချက်ရှိနေသော်လည်း အကျိုးအမြတ်ကို အဓိက မထားဘဲ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏အနာဂတ်မျှော်လင့်ခြင်း အိပ်မက်များကို အကောင် အထည် ဖော်ဆောင် ပေးသွားမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းအမည်ကို “HOPE Private High School” ဟု ပေးခဲ့ပါသည်။

ဆရာကြီး Rev. Kim Jong Ho မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန် ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ အဖက်ဖက်တွင်လိုအပ်ချက်ရှိနေသော HOPE Private High School ကို နိုင်ငံတကာအဆင့်မီကျောင်းအဖြစ် တည်ဆောက်ရန် အိပ်မက်ရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် HOPE Private High School ၌ ကျောင်းသား (၁၁၃) ပညာသင်ကြားလျက်ရှိပြီး အများစုမှာ ပဋိပက္ခဖြစ်ပွားနေသော ပြည်နယ်များမှာဖြစ်ကာ ကျောင်းသား(၇၀) ရာခိုင်နှုန်းခန့်မှာ ကျောင်းလခပုံမှန်ပေးသွင်းရန် အခက်အခဲရှိပါသည်။ ကျောင်းရှိ ဆရာ၊ ဆရာမ (၁၇)ဦးမှာလည်း အနာဂတ်ကြယ်ပွင့်များဖြစ်သော လူငယ်များကို ပြုစုပျိုးထောင် လိုသော စေတနာစိတ်၊ ဧဝံဂေလိတရားကိုအစေခံလိုသောစိတ်ဖြင့် ပညာသင်ကြားပေးနေခြင်းဖြစ်ပါသည်။ အခြေအနေအားဖြင့် အခက်အခဲများစွာရှိသော်လည်း ဘုရားသခင်ကိုသာ မျော်လင့်အားကိုးသောစိတ်နှင့် စာသင်ဆောင်သစ်ကို တည်ဆောက်ရန် စိန်ခေါ်ခဲ့ပါသည်။ လိုအပ်တဲ့ ငွေရေး ကြေးရေး ဘုရားသခင် ဖြည့်ဆည့်ပေးမည်ဟု ယုံကြည်သည်။

မှော်ဘီကျောင်း တာဝန်ခံ ဆရာသောမတ်စ်

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး မှော်ဘီကျောင်းတာဝန်ခံ ဆရာသောမတ်စ်က “ယောသပ်ရဲ့အိမ်မက်က ဘုရားသခင်ပေးတဲ့ အိပ်မက်ဖြစ်လို့ ဘုရားသခင်က အကောင်ထည်ဖော်မယ်။ ဒီနှုတ်ကပတ်တော်အားဖြင့် ဆရာကြီးက  မှော်ဘီမှာ ကမ္ဘာ့အကောင်းဆုံးကျောင်း ဆောက်မယ်။ ပိုက်ဆံတော့ မရှိဘူး။ ယုံကြည်ခြင်းအားဖြင့် ဆောက်မယ်။ ပိုက်ဆံမရှိပေမယ့် ဘုရားသခင်ရှိတယ်။ ဘုရားသခင်ကအလုပ်လုပ်မယ်လို့ ပြောခဲ့ပါတယ်။  ဆရာကြီး ယုံကြည်ခြင်းနဲ့ဘယ်လိုအလုပ်လုပ်လဲဆိုတာ သင်ယူချင်စိတ်ဖြစ်ခဲ့ပါတယ်။ တကယ်လည်း ဘုရားသခင်က အလုပ်လုပ်ပေးပြီး ကျောင်းကိုစတင်တည်ဆောက်ဖို့ ဖြစ်လာပါတယ်။ ဘုရားသခင်ရဲ့ကျွန် ရေးဆွဲတဲ့ပန်းချီကားချပ်ထဲမှာ ပါဝင်ခွင့်ရရှိတဲ့အတွက် အင်မတန်ကျေးဇူးတင်မိပါတယ်”ဟု သက်သေခံခဲ့ပါသည်။

စာသင်ဆောင်သစ်၏ ဒီဇိုင်း

အသစ်ဆောက်လုပ်မည့် ကျောင်းဆောင်သစ်မှာ အင်္ဂလိပ်အက္ခရာ (E) ပုံစံ၊ တစ်ထပ်အဆောက်အဦဖြစ်ပြီး ကျောင်းဆောင်သစ် Design ရေးဆွဲခဲ့သည့် Architect ကိုလှခေါင်က ” ယုံကြည်ခြင်းဆိုတာ မမြင်ရသေး တဲ့အရာကို မျက်မှောက်ပြုခြင်း၊ သိမှတ်ဆွဲလမ်းခြင်း ဖြစ်တဲ့အတွက် Hope School Design ဆိုတာ ဆရာကြီး Kim Jong Ho ရဲ့ ယုံကြည်ခြင်း ဖြစ်ပါတယ်။ ဆရာကြီးက Design ကို အကြိမ်ကြိမ်ပြောင်းလဲရေးဆွဲစေခဲ့ပြီး ပြောင်းလဲလိုက်တဲ့ အကြိမ်တိုင်းမှာလည်း ပြောင်းလဲရတဲ့ရည်ရွယ်ချက်၊ ဆရာကြီးရဲ့ လေးလေးနက်နက် စဉ်းစားတဲ့စိတ်ကို သေချာသင်ယူခွင့် ရခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲရေးဆွဲခိုင်းတဲ့အချိန်တိုင်းမှာလည်း ကျွန်တော့်စိတ်ထဲမှာ ထူးဆန်းစွာနဲ့  ပျော်ရွှင်ခဲ့ပါတယ်။ ဒီကျောင်းဆောင်‌ အသစ်ဆောက်တဲ့အရာ ဆရာကြီးက အမှု ပြီးပြီလို့ ပြောသလိုပဲ အမှုပြီးပြီလို့ ယုံကြည်ပါတယ်” ဟု သက်သေခံခဲ့ပါသည်။

မှော်ဘီကျောင်း ဒီဇိုင်းအင်ဂျင်နီယာ လှခေါင် ဇနီးမောင်နှံ
ဆောက်လုပ်ရေးတာဝန်ခံ အင်ဂျင်နီယာ ဦးမာကု

ကျောင်းဆောင်သစ်ကို တာ၀န်ခံဆောက်လုပ်မည့် အင်ဂျင်နီယာချုပ် ဦးမာကုက “ဆရာကြီးက ဒီလောက်ကြီးမားတဲ့ ကျောင်းဆောင်ကို သုံးလအတွင်း အပြီးဆောက်ဖို့ လမ်းပြပါတယ်။ ကျွန်တော့်အတွေ့အကြုံအားဖြင့်ဆိုရင် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ယောသပ်ရဲ့အိပ်မက်ကို ပြည့်စုံစေခဲ့တဲ့ ဘုရားသခင်က ဆရာကြီးရဲ့အိပ်မက်ကိုလည်း ပြည့်စုံအောင် ကူညီမစပေးမယ်လို့  ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဆရာကြီး လမ်းပြတဲ့အတိုင်း လုပ်ဆောင်သွားဖို့ပဲ ရှိပါတယ်။ ဘုရားသခင်ကျွန်ရဲ့ ပန်းချီကားကို ရုပ်လုံးပေါ်လာအောင် ဆောက်လုပ်ခွင့်ရလို့ ကျေးဇူးတင်မိပါတယ်”ဟု သက်သေခံခဲ့ပါသည်။

ဆောက်လုပ်မည့် နေရာ၌ စုပေါင်း အမှတ်တရဓါတ်ပုံ

မြန်မာနိုင်ငံက အခြေအနေကြည့်ရင် ခက်ခဲပါသည်။ သို့သော်လည်း မှောင်မိုက်ခြင်းကို နိုင်တဲ့အရာက အလင်းဖြစ်သလိုပဲ လူတွေရဲ့စိတ်ထဲက မှောင်မိုက်ခြင်း၊ စိုးရိမ် ပူပန်ခြင်း တွေကို အောင်နိုင်တာက ဧဝံဂေလိတရားပဲဖြစ်ပါတယ်။ အဲဒီ ဧဝံဂေလိတရားကို မြန်မာလူငယ်တွေရဲ့စိတ်ထဲမှာ စိုက်ပျိုးပေးပြီး ဒီလူငယ်တွေအားဖြင့် မြန်မာနိုင်ငံက တောက်ပလာမှာဖြစ်ပါတယ်။ မြန်မာက အခု လက်ရှိတော့ နိုင်ငံရေး၊ စီးပွားရေး အစစ အရာရာ ခက်ခဲပေမဲ့ ကျွန်ုပ်တို့ဆီမှာ ဧဝံဂေလိတရားရှိပြီး ဘုရားသခင်က အလုပ်လုပ်နေတဲ့ Hope Private High School ရှိလို့ မျော်လင့်ခြင်းပြည့်ဝပါတယ်။ 

“Let’s go Back to the Bible” ခေါင်းစဉ်နှင့် ကျင်းပခဲ့သော CLF အစီအစဉ်

တစ်ဆက်တည်းမှာပင် ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်နေ့ ဒေသစံတော်ချိန်မွန်းလွဲ(၁)နာရီတွင် CLF အစီအစဉ်ကို ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်ရုံးချုပ်ပြင်ပ၌ပြုလုပ်ခဲ့ရာ ဘုရားသခင်မှ အစစ အရာရာ ကူညီမစပေးခဲ့ပါသည်။ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ Church On The Rock အသင်းတော်တွင် Let’s Go Back To The Bible ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်ရှိ အမှုတော်ဆောင်များနှင့် Acts Bible College ၊ Church Planting Institute တို့မှ ကျမ်းစာကျောင်းသူကျောင်းများ စုစုပေါင်း ၄၀၀ ခန့် ပါဝင် တက်ရောက်ခဲ့ပါသည်။

CLF ခန်းမကို ဝင်လာနေကြသော ကျမ်းစာကျောင်းသူ ကျောင်းသားများ

CLF အစီအစဉ်ကို ရန်ကုန်မြို့ရှိ မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်ရုံးချုပ်၌ ပြီးခဲ့သည့် မေလမှစတင်ကာ ၅ လ ဆက် လစဉ်ပြုလုပ်ခဲ့သော်လည်း အသင်းတော်ပြင်ပတွင်မူ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မူလက ရွှေပြည်သာမြို့နယ်တွင် ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း အစပြုခြေလှမ်းစဉ်ပင် ညှဉ်းဆဲနှောက်ယှက်ခြင်းများစွာ ကြုံတွေ့ခဲ့ရပြီး ပျက်ပြယ်ခဲ့ပါသည်။ မြန်မာသာသနာပြုဆရာကြီး Kim Jong Ho လည်း စုံစမ်းစစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်ကယ်နုတ်တော်မူသောအားဖြင့်သာ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် လူစုဝေးခြင်းနှင့် ဘာသာရေးဆိုင်ရာစည်းမျဉ်းများ တင်းကျပ်လျက်ရှိရာ CLF အစီအစဉ်ကို အသင်းတော်ပြင်ပ၌ပြုလုပ်ရန် အခက်အခဲများစွာရှိပါသည်။ ထိုသို့သော အခြေအနေနှင့်ကြုံတွေ့သော်လည်း ယုံကြည်ခြင်းရှိသော ဘုရားသခင်ကျွန်သည် ဧဝံဂေလိခြေလှမ်းလှမ်းရန် တွန့်ဆုတ်သွားခြင်းမရှိဘဲ တမန်တော် ရှင်ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်စေလွှတ်သောပြည်သို့သွားပြီး အခွင့်ပေးသောပြည်၌ ဧဝံဂေလိ ဟောပြောသကဲ့သို့ CLF ပြုလုပ်ရန် သန့်ရှင်းသောဝိညာဉ်တော် လမ်းဖွင့်ပေးသည့်နေရာကို မျှော်လင့်ခဲ့ရာ ဘုရားသခင်က မင်္ဂလာဒုံမြို့နယ်တွင် ပြုလုပ်ရန် အခွင့်ပေးခဲ့ပါသည်။

CLF ဥက္ကဌ ဦးဂမ်မွန်း

CLF ဥက္ကဌ ဦးဂမ်မွန်းမှ ဘုရားသခင်ပြုပြင်ပေးသည့်အရာနှင့်ပတ်သက်ပြီး “ဒီတစ်ခေါက် ကျေးဇူးတော်အားဖြင့် မင်္ဂလာဒုံမြို့မှာရှိတဲ့ Church On The Rock အသင်းတော်မှာ CLF အစီအစဥ်ကို ပြုလုပ်ခွင့်ရခဲ့ပါတယ်။ အခြေအနေအားဖြင့် ကြည့်မယ်ဆိုရင်မဖြစ်နိုင်ဘူး၊ ခက်ခဲတယ်လို့ခံစားခဲ့ပေမဲ့  ဧဝံဂေလိတရားအတွက်ဆိုရင် ဘုရားသခင်ကမစပေးမယ်ဆိုတဲ့ ယုံကြည်ခြင်းဖြစ်ပေါ်လာပါတယ်။ ဘုရားသခင်ကမစပေးတဲ့အခါမှာ ( Church On The Rock ) Acts Bible College ရဲ့ Founder Rev-Dr. ဂျိမ်းလျန်ဆိုင်းနဲ့ဆက်သွယ်ခ္ငင့်ရခဲ့ပါတယ်။ ဘုရားသခင်ရဲ့အလိုတော်ဖြစ်တဲ့အတွက် ၁၀၀ ရာခိုင်နှုန်း ဘုရားသခင်မစခြင်း ကြုံတွေ့ခွင့်ရခဲ့ပါတယ်။ ကျေးဇူးတော်အားဖြင့် သင်းအုပ်ဆရာတွေ၊ ကျမ်းစာကျောင်းအုပ်တွေ၊ ကျမ်းစာကျောင်းသားတွေ၊ အသင်း လူကြီးတွေ စုစုပေါင်း ၄၀၀ ကျော် ပါဝင်တက်‌ရောက်လာခဲ့ကြပါတယ်။ ဆရာကြီးရဲ့ နှုတ်ကပတ်တော် ကြားနာပြီးတဲ့နောက်မှာလည်း စိတ်ကအလင်းဖြစ်လာပြီး နှုတ်ကပတ်တော်ဝင်သွားတဲ့အရာကို မြင်တွေ့ခွင့် ရခဲ့ပါတယ်။ ဆက်လက်၍  CLF Outdoor အစီစဥ်ပြုလုပ်ဖို့ ဘုရားသခင်အလိုတော်ရှိပြီး ဘုရားသခင်အားလုံး ပြင်ဆင်ပေးမယ်ဆိုတဲ့ မျှော်လင့်ခြင်းတွေဖြစ်ပေါ်လာပါတယ်”ဟု သက်သေခံခဲ့ပါသည်။

“Church On The Rock”အသင်းတော်၏ founder Rev.Dr.James Lian Sian ၏ အဖွင့်ဆုတောင်း
တာဝန်ခံ ဆရာ Rev. Thang Cung Nung

အစီအစဉ်အရ Church On The Rock အသင်းတော်၏ Founder Rev.Dr.ဂျိမ်းလျန်ဆိုင်းမှ အချိန်နာရီကို အပ်နှံဆုတောင်းပေးခဲ့ပြီး ယင်းအသင်းတော်၏ တာဝန်ခံဆရာ Rev.ထောင်ကျုံးနုန်းမှ ကျေးဇူးတင်အမှာစကား ပြောကြားခဲ့ပါသည်။ Rev. Thang Cung Nung က “CLF က ကျွန်တော်တို့ကို အမြဲ Reach Out လုပ်ပြီး မိဿဟာယပြုဖို့ ဖိတ်ခေါ်ပါတယ်။ လက်တွဲခေါ်ပေးလို့ကျေးဇူးတင်ပါတယ်။ ညီအစ်ကိုချင်း တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းချစ်ကြပါလို့ယေရှုခရစ်တော်မှာခဲ့ပါတယ်။ ချစ်ခြင်းကိုအခြေခံပြီး ဒီအစီအစဉ်ကိုလာရောက် ဦးဆောင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက်ပြုလုပ်မဲ့အစီစဉ်တိုင်းမှာလည်း စိတ်အားထက်သန်စွာနဲ့ ပါဝင်ဖို့ အသင့်ရှိနေပါတယ်” ဟုပြောကြားခဲ့ပါသည်။

Azalea Stars အကအဖွဲ့မှ One More Time သီချင်းဖြင့် ကပြဖျော်ဖြေနေစဉ်

Performance အနေဖြင့် Azalea Stars အကအဖွဲ့က နိုင်ငံတကာရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့သလို၊ Joy Band အဖွဲ့နှင့် နိုင်ငံကျော်အဆိုတော် လားဒင့်ထားရီမှလည်း သီချင်းများဖြင့် သီဆိုချီးမွမ်းကာ တက်ရောက်လာသူတို့၏စိတ်ကို ရွှင်လန်းစေခဲ့ပါသည်။

Joy Band အဖွဲ့မှ ဇိုင်းလတ်(ဝဲမှဒု)

 ဇိုင်းလတ်မှလည်း မူးယစ်ဆေးဝါးကျေးကျွန်၊ စာတန်ဖမ်းချုပ်ခြင်းခံရသည့်ဘဝမှ ဘုရားသခင်၊ အသင်းတော်၏ ဖမ်းချုပ်ခြင်းခံရသော ဘဝအသက်တာသို့ ပြောင်းလဲလာခဲ့ပုံနှင့်ပတ်သက်ပြီး “ကျွန်တော်က လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကနေ မူးယစ်ဆေးဝါးကို စတင်သုံးစွဲလာခဲ့ပါတယ်။ ကယ်တင်ခြင်းရပြီးနောက်ပိုင်းမှာ လည်း ဆေးဖြတ်လိုက်၊ ပြန်သုံးလိုက်နဲ့ အသင်းတော်၊ ဘုရားသခင်ကျွန်ကို အကြိမ်ကြိမ်ဒုက္ခပေးခဲ့ပါတယ်။ မိသားစုနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ပစ္စည်းဥစ္စာတွေကိုလည်း အကြိမ်ကြိမ်လိမ်ခဲ့၊ ခိုးခဲ့ပါတယ်။ ကျွန်‌တော်က စွန့်ပစ်ခြင်းခံရပြီး ခွေးသေ၊ ဝက်သေ သေရမယ့်သူဖြစ်ပေမယ့် အသင်းတော်က ကျွန်တော့်ကို မစွန့်ပစ်ခဲ့ပါဘူး။ လက်မလျှော့ခဲ့ပါဘူး။ ယောဘ ၁၄း၇-၉ (သစ်ပင်ကိုခုတ်သော်လည်း အငုတ်အချည်းစည်းမရှိဘဲ အတက်ပေါက် လေဦးမည်ဟု မြော်လင့်စရာရှိ၏။ မြေထဲမှာ အမြစ်ဟောင်း၍ မြေပေါ်မှာ အငုတ်သေသော်လည်း ရေငွေ့ကြောင့် အတက်ပေါက်၍ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့်ပြည့်စုံလိမ့်မည်) ကျွန်တော်ရဲ့ဘဝ၊ ကျွန်တော့်ရဲ့အသက်တာက ခုတ်လှဲခြင်းခံရပြီ၊ အမြစ်လည်းဟောင်းပြီ၊ အငုတ်လည်းသေပြီ။ ဒါပေမဲ့ နှုတ်ကပတ်တော် ရေငွေ့အားဖြင့် အသက်ရှင်သန်ခွင့်ပေးဦးမယ်၊ ပွင့်လန်းခွင့်ပေးဦးမယ်ဆိုတဲ့နှုတ်ကပတ်တော်ကြွလာတဲ့အခါမှာ ကျွန်တော်စိတ် ပြောင်းလဲခွင့်ရခဲ့ပါတယ်။ ဘုရားသခင်၊ အသင်းတော်၊ ဘုရားသခင်ကျွန်ရဲ့ ကြီးမားတဲ့ချစ်ခြင်းမေတ္တာ၊ သနားခြင်းဂရုဏာက အနိုင်ရပြီး မူးယစ်ဆေးဝါးကျေးကျွန်ဘဝကနေ လွတ်မြောက်ခဲ့ပါတယ်”ဟု သက်သေခံခဲ့ရာ ကြားနာသောသူတိုင်း ဝမ်းမြောက်ပျော်ရွှင်စွာ ဘုရားသခင်ဂုဏ်တော်ချီးမွမ်းခဲ့ကြပါသည်။ ထို့နောက် မိမိထံသို့ မူးယစ်ဆေးဝါး နောက်တစ်ကြိမ်ပြန်မလာပါနှင့်တော့ဟူသောအဓိပ္ပာယ်ဖြင့် သူကိုယ်တိုင်ရေးဖွဲ့ထားသည့် “သွားတော့” အမည်ရှိသည့်သီချင်း သီဆိုခဲ့ပါသည်။

ဆရာကြီး Kim Jong Ho မှ နှုတ်ကပတ်တော်ဟောကြားနေစဉ်
အမှုပြီးပြီဟုဝန်ခံ၍ အပြစ်လွတ်ခြင်းလက်ခံနေကြစဉ်

ယင်းနောက်တွင် ယခုအစီအစဉ်၏ Main Speaker ဖြစ်သော ဆရာကြီး Rev. Kim Jong Ho က နှုတ်ကပတ်တော် ဟောကြားရာတွင် “ရောမ(၃း၂၃)မှာ ကျွန်တော်တို့က အပြစ်သားဖြစ်ပေမဲ့ အခန်းငယ် ၂၄ ထဲမှာ ယေရှုခရစ်တော် ရွေးနှုတ်သောအားဖြင့် ဖြောင့်မတ်သောသူဖြစ်ပြီလို့ ရေးထားပါတယ်။ ပညတ်တရားစောင့်ထိန်းနိုင်လို့ မဟုတ်ပါ ဘူး။ မှားယွင်းခြင်းအမှုပြုတဲ့အမျိုးသမီးက ပညတ်တရားအရဆိုရင် ကျောက်ခဲနဲ့ပေါက်သတ်ခြင်းခံရဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့လည်း သခင်ယေရှုဆီကိုရောက်လာတဲ့အချိန်မှာ သခင်ယေရှုက ဒီအမျိုးသမီးကို ကယ်တင်ဖို့ အတွက် မြေကြီးပေါ်မှာ အသစ်သောပဋိညာဉ်တရားရေးသားခဲ့ပါတယ်။ ရှင်ယောဟန်(၁း၂၉)ထဲမှာ ယေရှု ခရစ်တော်က ဤလောကရဲ့ အပြစ်တွေအားလုံးကိုယူဆောင်သွားတဲ့ ဘုရားသခင်ရဲ့သိုးသူငယ် ဖြစ်ပါတယ်။ မှားယွင်းခြင်းအမှုပြုတဲ့အမျိုးသမီးရဲ့ အပြစ်လည်း သခင်ယေရှုက ယူဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် သခင်ယေရှုပြောခဲ့တဲ့စကားက ငါသည်လည်း သင်၏အပြစ်ကိုမစီရင်။ မင်းမှာအပြစ်မရှိတော့ဘူး။ သခင်ယေရှုက ဤလောကရဲ့အပြစ်အားလုံးကိုယူဆောင်ပြီး လက်ဝါးကပ်တိုင်မှာအသေခံတဲ့အချိန်မှာ ပြောခဲ့တဲ့စကားက အမှုပြီး ပြီ။ အသစ်သောပဋိညာဉ်တရား၊ ကျေးဇူးတော်တရားအားဖြင့် ဒီအမျိုးသမီးက အပြစ်လွတ်ခြင်းလက်ခံရရှိပြီး ဖြောင့်မတ်သောသူဖြစ်လာခဲ့ပါတယ်” ဟောကြားခဲ့ပါသည်။

ဆရာကြီး Kim Jong Ho နှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်နေသော Rev.ထောင်ကျုံးနုန်း

နှုတ်ကပတ်‌တော်ကြားနာပြီးနောက်တွင် စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း၊ အင်တာဗျူးခြင်း စသည့်အစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။ အင်တာဗျူးအစီအစဉ်တွင် Church on The Rock အသင်းတော်၏ တာဝန်ခံဆရာ Rev.ထောင်ကျုံးနုန်းက “ကျွန်တော် ကိုရီးယားမှာပြုလုပ်ခဲ့တဲ့ CLF အစီအစဥ်မှာ ပါဝင်ခဲ့ဖူးပါတယ်။ ဒီနေ့ဆရာကြီးရဲ့တရားဒေသနာတော် နားထောင်တဲ့အခါမှာ ကျွန်တော်တို့က လူသားဖြစ်တဲ့အတွက် အပြစ်သား ဖြစ်ပြီး ဘယ်လိုမှမပြည့်စုံနိုင်ပါဘူး။ ဒါပေမဲ့ ပြီးပြည့်စုံတဲ့သခင်ယေရှုက ကျွန်တော်တို့ကို အပြစ်တရားထဲကနေ လာရောက်ကယ်တင်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်မပါဘဲ ရောမ(၃း၂၄)မှာလိုပဲ ကျေးဇူးတော်သက်သက်အားဖြင့် အဘိုးအခပေးစရာမလိုဘဲ ယေရှုခရစ်တော်ရဲ့အသွေးတော်ကြောင့် အပြစ် လွတ်ပြီးဖြောင့်မတ်သောသူဖြစ်ခွင့်ရတဲ့အရာကို ကျွန်တော် ၁၀၀ရာခိုင်နှုန်းယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော့ဆီမှာ အပြစ်မရှိတော့ဘူး။ ဘုရားသခင်ရဲ့သားဖြစ်ခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်”ဟု သက်သေခံခဲ့ပါသည်။

သင်းအုပ်ဆရာ ယောလဆန်း (EL Bethel Mission Church)

EL Bethel Mission Church ၏  သင်းအုပ်ဆရာ ယောလာဆန်းကလည်း “ယေရှုခရစ်တော်က ကျွန်တော်တို့ အပြစ်တွေအားလုံးကို ယူဆောင်သွားပြီးဖြစ်ပေမဲ့ စာတန်ရဲ့လှည့်စားခြင်းကြောင့် တစ်ခါတစ်လေအပြစ်ရှိတယ် လို့ခံစားခဲ့တယ်။ မှားယွင်းခြင်းအမှုပြုတဲ့အမျိုးသမီးက ပညတ်တရားအရ ကျောက်ခဲနဲ့ပစ်သတ်ခြင်းခံရမှာ ဖြစ်ပေမဲ့ ယေရှုခရစ်တော်က သူရဲ့အပြစ်တွေအားလုံးကိုယူဆောင်သွားခဲ့ပြီး ထာဝရအပြစ်လွတ်ခြင်းလက်ခံရှိ ခဲ့တယ်။ ကျွန်တော့်ဘဝအသက်တာလည်း မွေးစကပင် အပြစ်ရှိသောသူဖြစ်ပေမဲ့ ရောမ(၃း၂၄)ထဲမှာ ကျေးဇူး တော်အားဖြင့် ယေရှုခရစ်တော်ကြောင့် အပြစ်လွတ်ခြင်း၊ ထာဝရအသက် လက်ခံရရှိတဲ့အကြောင်းကို ကြားသိခွင့်ရတဲ့အခါမှာ အပြစ်ထက် ယေရှုခရစ်တော်ရဲ့ပေးဆပ်ခြင်းက ပိုကြီးမားပါလားဆိုတဲ့အရာကို ခံစား ခဲ့ရပါတယ်။ အရမ်းဝမ်းမြောက်ခြင်းခံစားရပြီး  ဘုရားသခင်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်”ဟု သက်သေခံ ခဲ့ပါသည်။

  CLF အစီအစဥ်ပြီးသွားသည့် နောက်တွင်လည်း သင်းအုပ်ဆရာ ယောလဆန်းသည်  နှုတ်ကပတ်တော် မျော်လင့်သောစိတ်နှင့် မိမိအသင်းတော်တွင်လည်း တနင်္ဂနွေနှုတ်ကပတ်တော် ဟောပြောရမည် ဖြစ်သော်လည်း အခြားသူကို ဟောပြောစေကာ ရန်ကုန် အသင်းတော် ဝတ်ပြုစည်းဝေး လာရောက်ပါဝင်ခဲ့ပြီး မိမိ အသင်းတော်တွင်လည်း CLF အစီအစဥ်လာရောက် ကျင်းပပေးပါရန်တောင်းဆိုခဲ့ပါသည်။

EFCN ကျမ်းစာကျောင်းမှ ကျောင်းသား မောင်အောင်မင်း

EFCN ကျမ်းစာကျောင်းမှ ကျောင်းသား မောင်အောင်မင်းကလည်း “ရှင်ယောဟန်အခန်းကြီး(၈)ထဲမှာ ယေရှု ခရစ်တော် မြေကြီးပေါ်မှာ လက်ညှိုးတော်နဲ့ရေးသားခဲ့တဲ့အရာက ပဋိညာဥ်တရားဟောင်းဖြစ်တဲ့ ပညတ်တရားကို ပယ်ပြီး ပဋိညာဥ်တရားသစ်ဖြစ်တဲ့ကျေးဇူးတရားပေးခဲ့တာကိုသိခွင့်ရခဲ့လို့ အရမ်းဝမ်းမြောက်ပါတယ်။ မှားယွင်း ခြင်းအမှုပြုတဲ့အမျိုးသမီးက ကျောက်ခဲနဲ့ပေါက်သတ်ခြင်းခံရမဲ့သူဖြစ်ပေမဲ့ ယေရှုခရစ်တော်က သူရဲ့အပြစ်တွေ အားလုံးကိုယူဆောင်သွားတဲ့အတွက် အပြစ်စီရင်ခြင်းမခံရတော့ဘဲ ဖြောင့်မတ်သောသူဖြစ်ခွင့်ရခဲ့ပါတယ်။ ရောမ(၃း၂၄)အားဖြင့် ကျွန်တော့်အကျင့်နဲ့မဆိုင်ဘဲ ယေရှုခရစ်တော်ရဲ့ အပြစ်လွတ်ခြင်း၊ ဖြောင့်မတ်ခြင်းတရားကို လက်ခံရရှိတဲ့အတွက် အင်မတန်ကျေးဇူးတင်ပါတယ်”ဟု သက်သေခံခဲ့ပါသည်။

 မြန်မာနိုင်ငံတွင် ဧဝံဂေလိနားထောင်ချင်လို့ စောင့်နေတဲ့သူတွေ အများကြီးရှိနေပါသည်။ ထို့ကြောင့် ဧဝံဂေလိဟောပြောမည့် သူ ဘုရားသခင်ကျွန်များစွာ လိုအပ်လျက်ရှိပါသည်။ ဘုရား သခင်သည် တံငါသည်ပေတရုကို ဘုရားသခင်ကျွန်အဖြစ် အသုံးပြုသကဲ့သို့ ကျမ်းတတ်ဆရာ ပေါလုကိုလည်း အသုံးပြုခဲ့ပါသည်။ ဆရာကြီး Kim Jong Ho က အပြင်ပိုင်းက ကျမ်းစာကျောင်းဆင်း များစွာလည်း Good News Mission သာသနာပြုကျောင်းတက်ကာ သင်တန်းခံယူပြီး စစ်မှန်သော ဧဝံဂေလိဟောပြောသောသူ အဖြစ် ပျိုးထောင်ပေးချင်နေပါသည်။ ယခုကဲ့သို့ Outdoor CLF အစီအစဉ်မှတဆင့် မြန်မာနိုင်ငံ အနံ့က ကျမ်းစာကျောင်းသူ ကျောင်းသားတွေထဲကလည်း စစ်မှန်သော ဧဝံဂေလိဟောပြောသောသူ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာပြီး မြန်မာနိုင်ငံအနံ့ အပြစ်လွတ်ခြင်း ဧဝံဂေလိတရား ဖုံးလွမ်းမည့် အရာကို စဉ်းစားကြည့်တဲ့အခါ မျော်လင့်ခြင်းတွေ ပြည့်ဝလာပြီး ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းပါတယ်။

နောက်ဆုံးတင်ထားသော ပို့စ်များ