တောင်ရိုးသို့ မျှော်ကြည့်၍ လူ (၃၀၀၀) ကို အသစ်သောစိတ်ပြောင်းလဲစေခဲ့သော Bible Training Camp
2022 Thingyan Bible Training Camp ကို မြန်မာနိုင်ငံ၏ နှစ်သစ်ကူးကာလဖြစ်သော ဧပြီ ၁၃ ရက်မှ ၁၇ ရက်နေ့အတွင်းတွင် မြန်မာနိုင်ငံတစ်၀ှမ်းရှိ Good News Mission အသင်းတော် ၁၁ ပါး( ရန်ကုန်၊ မြစ်ကြီးနား၊ မူဆယ်၊ မန္တလေး၊ တောင်ငူ၊ ပူတာအို၊ ပုသိမ်၊ ဓနုဖြူ၊ စဉ့်ကူး၊ မောင်ရှင်၊ ရှိန်းခေါင်)၌ ကျင်းပပြုလုပ်ခဲ့သည်။ Training Camp တွင် လူကြီး၊ လူငယ်၊ ၁၂ နှစ် – ၁၆ နှစ်၊ ကလေးသူငယ် စသဖြင့် အသက်အရွယ်အပိုင်းအခြားအလိုက် (၄)အုပ်စုခွဲကာ လေ့ကျင့်ပေးခဲ့ပြီး ညီအစ်ကိုမောင်နှမများက စိတ်နှလုံးတစ်လုံးတစ်၀တည်း ပါ၀င်ခဲ့ကြသည်။
မြန်မာနိုင်ငံတွင် လူတွေ့စုဝေးခြင်း မပြုလုပ်ခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်ရာ ယခုပြုလုပ်သော Bible Training Camp သို့ နှုတ်ကပတ်တော် ဆာလောင်မွတ်သိပ်နေသော အသင်းတော်ညီအစ်ကိုမောင်နှမများ၊ လူသစ်များ များစွာတက်ရောက်လာခဲ့ပြီး အသင်းတော် ၁၁ ပါးတွင် တက်ရောက်သူပေါင်း ၃၀၀၀ ခန့်ရှိခဲ့သည်။ ယခင်က Thingyan Bible Training Camp ကို နေရာတစ်နေရာရာ၌သာ တစ်နိုင်ငံလုံးရှိအသင်းတော်များစုဝေး၍ ပြုလုပ်လေ့ရှိခဲ့ပြီး ယခုကဲ့သို့ ၁၁ နေရာ၌ တစ်ပြိုင်နက်ပြုလုပ်ခြင်းမှာ မြန်မာ Good News Mission အသင်းတော် သက်တမ်းတစ်လျှောက်တွင် ပထမဆုံးအကြိမ်ဖြစ်ခဲ့သည်။
ရွေးချယ်ခြင်း
ဆရာကြီးကင်မ်ဂျုံဟိုက Training Camp ကို Offline ဖြင့်ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး ”Online အားဖြင့်လုပ်ရင် လွယ်ကူတယ်။ ဝန်ထုပ်ဝန်ပိုးမရှိဘူး။ Offline အားဖြင့်လုပ်ရင် အခက်အခဲရှိတယ်။ ဝန်ထုပ်ဝန်ပိုးရှိတယ်။ ဘယ်အရာကို ရွေးချယ်မှာလဲ။ ယုံကြည်ခြင်းအသက်တာဆိုတာ ရွေးချယ်ခြင်းဖြစ်ပါတယ်။ ဆာလံ ၁၂၁ မှာ ငါ့ကိုမစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏လို့ ရေးထားတယ်။ ယုံကြည်ခြင်းရှိသူရွေးချယ်ရင် ၀န်ထုပ်၀န်ပိုးရှိတဲ့တောင်ကို ရွေးချယ်တယ်။ ယုံကြည်ခြင်းမရှိသူကတော့ မြေပြန့်ကိုရွေးချယ်တယ်။ တောင်ကိုရွေးချယ်ရင် ဆုတောင်းရမယ်။ ဘုရားသခင်ကို အားကိုးရမယ်။ မြေပြန့်ကိုရွေးချယ်ရင် ဒါတွေမလိုဘူး။ ကျွန်တော်ကတော့ ၀န်ထုပ်၀န်ပိုးရှိတဲ့တောင်ကို ရွေးချယ်တယ်”ဟု ပြောကြားခဲ့သည်။
နေ့စဉ် Training လည်ပတ်မှု
ဆရာကြီး ကင်မ်ဂျုံဟိုသည် ရန်ကုန်အသင်းတော်၌နေ၍ တစ်နေ့လျှင် နှုတ်ကပတ်တော်(၃)ကြိမ် ဟောပြောပို့ချခဲ့ပြီး နယ်အသင်းတော်များက ဆရာကြီး၏ ဟောပြောမှုကို Zoom မှတစ်ဆင့် ကြားနာခဲ့သည်။ ရန်ကုန်အသင်းတော်၏ နေ့စဉ် နံနက်အစောပိုင်းအစီအစဉ်များတွင် ကျမ်းစာဖတ်ခြင်း၊ Morning Devotion ပြုလုပ်ခြင်းနှင့် အသင်းတော်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ခြင်းများ ပါဝင်သည်။ ထို့နောက် နံနက်စာသုံးဆောင်ရပြီး (၉း၃၀)AM မှ (၁၂း၀၀)PM အတွင်း နှုတ်ကပတ်တော် (A) & (B) နှစ်ချိန်ပို့ချကာ (B)အချိန်ကို ဆရာကြီး ကင်မ်ဂျုံဟို ဟောပြောခဲ့သည်။ ထို့နောက် နေ့လယ်စာ သုံးဆောင်ပြီး (၁း၃၀)PM မှစတင်ကာ ဆရာကြီး Ock Soo Park ရေးသားသည့် ကမ္ဘာနှစ်ခု၏တိုက်ပွဲ ရွေးချယ်မှုစာအုပ်ကို အဖွဲ့အလိုက် ဖတ်ရှူခြင်း၊ ဆွေးနွေးခြင်းနှင့် သက်သေခံခြင်းများပြုလုပ်ခဲ့ရာ ညီအစ်ကိုမောင်နှမများ ပျော်ရွှင်ဝမ်းမြောက်စွာ ပါဝင်ကြပြီး စာအုပ်ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း၊ နှုတ်ကပတ်တော် နားထောင်ခြင်းအားဖြင့်သော်လည်းကောင်း စိတ်ပြောင်းလဲမှုများကို သက်သေခံခဲ့ကြသည်။ ညနေပိုင်းတွင် ကိုယ်လက်သန့်စင်ချိန်၊ ညစာစားချိန်များပေးပြီး ညပိုင်းအစီအစဉ်ကို (၆း၃၀)PM တွင် စတင်ပြုလုပ်ခဲ့ပါသည်။ ညပိုင်းအစီအစဉ်များတွင် Azalea Stars အကအဖွဲ့၏ နိုင်ငံတကာအကများ၊ မြန်မာ့ရိုးရာသင်္ကြန်အကများ၊ Jindallae Choir အဖွဲ့၏ဂုဏ်တော်ချီးမွမ်းမှုများ၊ ပြဇာတ်တင်ဆက်မှုများ အစရှိသဖြင့် ညီအစ်ကိုမောင်နှမများ၏စိတ်ကို နူးညွတ်စေသောအစီအစဉ်များစွာ ပါဝင်ခဲ့ပြီး ယင်းနောက်တွင် ဆရာကြီး ကင်မ်ဂျုံဟိုက နှုတ်ကပတ်တော် မျိုးစေ့ချပေးခြင်း၊ နှုတ်ကပတ်တော် ကြားနာပြီးနောက် အဖွဲ့အလိုက်ဆွေးနွေးခြင်းများဖြင့် ကျေးဇူးတော်ပြည့်၀သော တစ်နေ့တာအစီအစဉ်ကို အဆုံးသတ်ခဲ့သည်။
မျှော်လင့်ခြင်းများစွာ
ဆရာကြီးကင်မ်ဂျုံဟိုသည် Training Camp ကာလအတွင်း ဗိုလ်ချုပ်နေမန်၊ မေဖိဗောရှက်၊ မှားယွင်းအမှုပြုသော အမျိုးသမီး၊ ကောင်းသောရှမာရိ အစရှိသော နှုတ်ကပတ်တော်များကိုဟောပြောပို့ချခဲ့ပြီး ညီအစ်ကိုမောင်နှမများ၏ စိတ်ပြောင်းလဲခဲ့သလို၊ လူသစ်ညီအစ်ကိုမောင်နှမများလည်း အပြစ်လွတ်ခြင်းရရှိ၍ များစွာဝမ်းမြောက်ပျော်ရွှင်ခဲ့ကြပါသည်။ ဆက်လက်၍လည်း Training Camp များပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြသဖြင့် လာမည့် ဧပြီလ (၃၀)ရက်တွင် Choir Concert၊ မေလ ပထမအပတ်တွင် Volunteer Training Camp၊ မေလ (၁၅)ရက်တွင် Youth Camp များကို ပြုလုပ်ရန် စီစဉ်ပေးခဲ့ရပြီး မျှော်လင့်ခြင်းများစွာ ထပ်မံမွေးဖွားခဲ့ပါသည်။ ယခု Training Camp အတွက် အခက်အခဲ၊ ဝန်ထုပ်ဝန်ပိုးများရှိခဲ့သော်လည်း တာဝန်ခံပေးမည့်သူမှာ ဘုရားသခင်ပင်ဖြစ်ကြောင်း ဆရာကြီး ကင်မ်ဂျုံဟို လမ်းပြခဲ့သည့်အတိုင်း ဘုရားသခင်၏ မစမှုအောက်တွင် Training Camp အား ဝမ်းမြောက်ပျော်ရွှင်စွာ အဆုံးသတ်နိုင်ခဲ့ပါသည်။
နိုင်ငံတကာကုမ္ပဏီဥက္ကဌကြီးတစ်ဦးသည် ဧပြီ(၁၅)ရက်နေ့ညပိုင်းတွင် မြန်မာ Good News Mission ရန်ကုန်အသင်းတော်၌ပြုလုပ်သော Bible Training Camp ကို တက်ရောက်ပြီး သူ၏အမြင်ကို ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။
”ကျွန်တော် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာနေတာ (၇)နှစ်ရှိခဲ့ပါပြီ။ ပွဲတော်တော်များများပါဝင်ခဲ့ဖူးပေမယ့် ဒီနေ့ညလို အရမ်းကောင်းတဲ့ပွဲကို ပထမဆုံးအကြိမ်ပါဝင်ဖူးတာပါ။ အကကတဲ့အရာ၊ သီချင်းဆိုတဲ့အရာ၊ ပြဇာတ် အားလုံးက လုံး၀စည်းကမ်းရှိပြီး Professional ကျတာကို အလွန်အံ့အားသင့်ခဲ့ရပါတယ်။ မြန်မာပြည်အနေအထားနဲ့ ပွဲကို ဒီလောက်စည်းကမ်းရှိအောင်၊ အဆင့်မြင့်အောင် လုပ်နိုင်တာကိုလည်း အရမ်းချီးကျူးပါတယ်။ ပါဝင်တဲ့သူအားလုံးလည်း အရမ်းတက်ကြွနေပြီး မျက်နှာပြုံးပျော်ရွှင်နေတာကို တွေ့ခဲ့ရပါတယ်။ ဆရာကြီး ကင်မ်ဂျုံဟို ဟောကြားတဲ့အရာကို နားထောင်တဲ့အခါ ဆရာကြီးက ဟောပြောသမားကြီးတွေမှာရှိတဲ့ အရည်အချင်းပိုင်ဆိုင်ရုံမက သူတို့မှာမရှိတဲ့အရာ ဆရာကြီးမှာရှိတယ်လို့ ခံစားရပါတယ်။ ဒီဘုရားကျောင်းကိုဦးဆောင်တဲ့ ဆရာကြီး ကင်မ်ဂျုံဟိုက ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာရှိတဲ့ ဆရာကြီးတစ်ပါးဖြစ်တယ်လို့လည်း ခံစားရပါတယ်။ လူငယ်တွေကို စည်းကမ်းရှိအောင် ဦးဆောင်လမ်းပြနိုင်တယ်ဆိုတာ တကယ်အရည်အချင်းရှိလို့ဖြစ်ပါတယ်။ ဆရာကြီးအားရင် ကျွန်တော့်ကုမ္ပဏီကို လာလည်ဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်”ဟု ဥက္ကဌကြီး ဆိုသည်။
ဆရာကြီး ကင်မ်ဂျုံဟိုကလည်း ” ကျွန်တော်တို့ဆီမှာ ဘုရားသခင်ရှိပြီး ဘုရားသခင်က ကျွန်တော်တို့အထဲမှာ ဦးဆောင်ပေးနေတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူ၊ အရက်စွဲတဲ့သူ၊ မှောင်မိုက်ထဲမှာ ကျရောက်နေတဲ့သူ အားလုံးဟာ ဘုရားသခင်နဲ့တွေ့တဲ့အချိန်မှာ ပြောင်းလဲလာကြပါတယ်။ ကျွန်တော်လည်း မျှော်လင့်ခြင်းမဲ့တဲ့သူဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ဆရာဖြစ်တဲ့ ဆရာကြီး Ock Soo Park နဲ့တွေ့ဆုံပြီး ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ နောက်လည်း အခွင့်အရေးရှိရင် မကြာခဏဆုံတွေ့ချင်ပါတယ်”ဟု ပြန်လည်ပြောကြားခဲ့ပါသည်။
လူငယ် Group Leader ကိုထန်ပီး၏ သက်သေခံချက်
Group Leader လုပ်တယ်ဆိုတာ သူများအတွက်လုပ်ပေးတာမဟုတ်ဘူး။ ကိုယ့်အတွက်ဘုရားသခင်က ပြင်ဆင်ပေးတာဖြစ်တယ်။ ကျွန်တော်က စိတ်မရှည်ဘူး။ ဦးဆောင်တဲ့အရာလည်းမကြိုက်ဘူး။ လုပ်နိုင်ပါ့မလားဆိုတဲ့စိတ်နဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ခဲ့ပေမဲ့ သာသနာပြုကျောင်းသားတစ်ယောက်အနေနဲ့ ဒီ camp မှာ ယုံကြည်ခြင်းကို လက်တွေ့သင်ယူဖိုဖြစ်တယ်လို့ ပြောတဲ့အခါမှာ စိတ်ထဲမှာမျှော်လင့်ချက်အများကြီးထွက်ပေါ်လာပါတယ်။
အဖွဲ့ထဲက လူသစ်တွေအားလုံးကလည်း အပြစ်လွတ်ခြင်း၊ ကယ်တင်ခြင်းကို သေချာသဘောပေါက်သွားကြတဲ့အရာကို မြင်တွေ့ရတဲ့အခါမှာအရမ်းပျော်ရွှင်ပါတယ်။ ပင်ပန်းတဲ့အရာအများကြီးရှိပေမဲ့လည်း ကိုယ့်အတွက်အနှစ်နာခံပြီးတော့ တပါးသူအတွက်အသက်ရှင်တဲ့အရာက ကိုယ့်အတွက်အသက်ရှင်တဲ့အရာထက် ပိုပြီးတော့ ပျော်ရွှင်မှုရှိကြောင်း မြင်တွေ့ခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။
နော်ဆာဝူ (ပူတာအို) ၏ သက်သေခံချက်။
ကျွန်တော်က မူးယစ်ဆေးဝါးစွဲတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ နှုတ်ကပတ်တော်လည်းနားမလည်ဘူး။ ဘာမှလည်းမသိပေမဲ့ ဒီသင်တန်းပါဝင်ခြင်းဖြင့် ယောဟန်၁း၁ ကျမ်းပိုဒ်ကြားမိတဲ့အခါမှာ နှုတ်ကပတ်တော်ကို မယုံကြည်တဲ့အရာက ဘုရားသခင်ကို မယုံကြည်တာဖြစ်တယ်။ ဒီအရာကိုတွေးမိပြီး နှုတ်ကပတ်တော်အတိုင်းနေချင်ပါတယ်။ ဘုရားသခင်ကို သိချင်လာပါတယ်။
ရောမ ၄း၂၅မှာ သခင်ယေရှုရှင်ပြန်ထမြောက်တာက ကျွန်တော်တို့ဖြောင့်မတ်ဖို့ဖြစ်တယ်။ ဖြောင့်မတ်ခြင်းကို လက်ခံရရှိပြီ။ ကျွန်တော်ရဲ့ ကြိုးစားခြင်းနှင့်မဟုတ်ဘဲ ကျွန်တော်က ကယ်တင်ခြင်းရပြီ။ ဒီကျမ်းပိုဒ်အားဖြင့် အပြစ်ကနေ လွတ်မြောက်သွားတဲ့အရာကို သက်သေခံချင်ပါတယ်။
လင်းမေ(နောင်ချို)၏ ကယ်တင်ခြင်းသက်သေခံချက်
ကျွန်မ ဒီ Training Camp ကို ပထမဆုံးအကြိမ်ပါဝင်တာဖြစ်ပါတယ်။ ကျွန်မမိဘတွေက ခရစ်ယာန်ဖြစ်တဲ့အတွက် ကျွန်မက ခရစ်ယာန်တစ်ယောက်အနေနဲ့ မွေးဖွားလာခဲ့ပါတယ်။ ဒါပေမဲ့ ကယ်တင်ခြင်းအကြောင်းကို နားမလည်ခဲ့ပါဘူး။ သခင်ယေရှု လက်ဝါးကပ်တိုင်မှာအသေခံတာ ကမ္ဘာလူသားတွေရဲ့အပြစ်ကြောင့် အသေခံတာလို့ပဲ သိခဲ့ပါတယ်။ ဒါပေမဲ့ နှုတ်ပတ်တော်ကြားနာတဲ့အခါ စာတန်မျိုးနွယ်ကဆင်းသက်လာခဲ့တဲ့ ကျွန်မတို့လူဟောင်းဟာ သခင်ယေရှုနဲ့အတူ လက်ဝါးကားတိုင်မှာ အသေခံခဲ့ပြီ၊ သင်္ဂြိုလ်ခဲ့ပြီ၊ သခင်ယေရှုပြန်လည်ထမြောက်တဲ့အခါ ကျွန်မတို့လည်း လူသစ်အနေနဲ့ ပြန်လည်ထမြောက်ခဲ့ပြီး အပြစ်တရားလက်က လွတ်မြောက်ခဲ့ပြီဖြစ်တဲ့အကြောင်း သဘောပေါက်ခဲ့ပါတယ်။ ဟေဗြဲ (၁၀:၁၇) “တဖန်တုံ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက်မေ့ဘဲနေမည်ဟု လာသတည်း” ဒီကျမ်းချက်က ကျွန်မအတွက် အရမ်းတန်ဖိုးရှိပြီး အဓိပ္ပာယ်ပြည့်၀တဲ့ကျမ်းချက်ဖြစ်ပါတယ်။ ဒီ Training Camp ကိုတက်ခြင်းအားဖြင့် လုံး၀ ၁၀၀ ရာခိုင်နှုန်း ဖြောင့်မတ်သောသူဖြစ်ပြီဆိုတဲ့စိတ်ချမှုကို ရရှိခဲ့ပါတယ်။ အရမ်းလည်း ပျော်ရွှင်ပါတယ်။ နောက်လုပ်မယ့် Training Camp တွေမှာလည်း ပါဝင်တက်ရောက်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။