May 9, 2024

ခရစ်ယာန်ခေါင်းဆောင်များ၏ နှလုံးသားထဲတွင် မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းတွေပြည့်ဝစေခဲ့သော CLF

လွန်ခဲ့သော ဩဂုတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်၌ “The Unity Of The Bible Of Christ” ဆိုတဲ့ ခေါင်းစဉ်အားဖြင့် CLF အစီအစဉ်ကို နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီ အထိ ကျင်းပခဲ့ပါသည်။ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုခေါင်းဆောင် အယောက် ၃၀၀ ခန့် ပါဝင်တက်ရောက်ခဲ့ပြီး ထိုအထဲမှ အယောက် ၁၀၀ ခန့်မှာ ပထမဆုံးပါဝင်ကြသူများ ဖြစ်ကြပါသည်။ လွန်ခဲ့သော မေလပိုင်း၌ “Recover” ဆိုသည့်ခေါင်းစဉ်၊ ဇွန်လတွင် “Let`s go back to the Bible” ၊ ဇူလှိုင်လတွင် “Look up to the Bible” ဆိုသည့်ခေါင်းစဉ်များနှင့် CLF ကျင်းပခဲ့ရာ အကြိမ်တိုင်း မြန်မာနိုင်ငံခရစ်ယာန်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားပြုခေါင်းဆောင် ၃၀၀ ခန့်ပါဝင်ခဲ့ပါသည်။

မြန်မာသာသနာပြုဆရာကြီး Rev.Kim Jong Ho သည် ဟေဗြဲ ၁၀:၁-၁၈ နှုတ်ကပတ်တော်ကိုဖတ်ပြီး “ထာဝရရွေးနှုတ်ခြင်း” ဆိုသည့် ခေါင်းစဉ်အားဖြင့် နှုတ်ကပတ်တော်ဟောပြောခဲ့ပါသည်။ “ပညတ်တရားဆိုတာ နောက်ဖြစ်လတ္တံ့သော မင်္ဂလာအကျိုးရဲ့အရိပ်သာဖြစ်ပြီး စစ်မှန်သော ပုံသဏ္ဌာန်မဟုတ်ပါဘူး။ ပညတ်တရားက အပြစ်ကိုနားလည်စေပြီး ပညတ်တရားက ကျွန်ုပ်တို့ကို ခရစ်တော်ဆီဦးဆောင်ပေးတဲ့ အထိန်းသာဖြစ်သောကြောင့် ပညတ်တရားက ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူမဖြစ်စေနိုင်ပါဘူး။ ဟေဗြဲ အခန်းကြီး ၁၀ အငယ် ၉ မှ ‘တဖန်တုံ’ ဆိုသည့်စကားလုံးမှာ အရမ်းအရေးကြီးပါတယ်။ ‘တဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင် ဒုတိယဝတ်ကို တည်စေခြင်းငှါ ပထမဝတ်ကိုပယ်၏’။”

“ပယ်လိုက်သော ပထမဝတ်ဆိုသည်မှာ ကျွန်ုပ်တို့ကို စုံလင်ခြင်းအဖြစ်သို့ မပို့ပေးနိုင်သော ပညတ်တရားဖြစ်ပြီး၊ တည်စေမည်ဟု ပြောသည့် ဒုတိယဝတ်မှာ နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးဖြစ်တဲ့ စစ်မှန်သော ပုံသဏ္ဌာန်ဖြစ်သော ယေရှုခရစ်တော်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထိုယေရှုခရစ်တော်က လောကလူတွေအားလုံးရဲ့အပြစ်ရှိသမျှကို ဤလောက၏အပြစ်ကို ယူဆောင်သွားပြီး လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပေးခဲ့ပြီး နောက်ဆုံးအနေနဲ့ ‘အမှုပြီးပြီ’ လို့ ပြောခဲ့ပါတယ်။ ကျွန်ုပ်တို့ကို အပြစ်မှ ထာဝရရွေးနှုတ်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဧဝံဂေလိတရားလိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ ယေရှုခရစ်တော်ကို လိုအပ်ပါတယ်။ ကျွန်ုပ်တို့က CLF အားဖြင့် ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကို ဟောပြောမှာ ဖြစ်ပါတယ်။” ဟု ဟောကြားခဲ့ပါသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသင်းတော်အများကြီးရှိပေမဲ့ ဒီ “Good news Mission” အသင်းတော်သာလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဧဝံဂေလိတရားဟောပြောနိုင်ပါတယ်။ ဒီလို အသင်းတော်ရဲ့ ကြီးမှူးကျင်းပတဲ့ အစီအစဉ်မှာ ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဂုဏ်ပြုစကားပြောခွင့်ရတဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ပါသည်။” – Rev. Dr. Ca Hgak

“CLF အစီအစဉ်ပါဝင်ခွင့် ရရှိတဲ့အတွက်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒီလို အစီအစဉ်ကျင်းပပေးတဲ့ Good News Mission အသင်းတော်နဲ့ သင်းအုပ်ဆရာကြီးကိုလည်း အရမ်းကို ကျေးဇူးတင်ပါသည်။ အစီအစဉ်တွေအားလုံးက အရမ်းကောင်းပြီး၊ မြန်မာနိုင်ငံမှာ ဒီဧဝံဂေလိတရားက တကယ်ကို လိုအပ်နေပါတယ်။ CLF အားဖြင့် ကျွန်တော်တို့ မြန်မာခရစ်ယာန်ခေါင်းဆောင်တွေအားလုံး တစ်လုံးတစ်ဝတည်းဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဆရာကြီး Rev. Kim Jong Ho ဝေငှါပေးတဲ့ ဟောပြောချက်က သမ္မာကျမ်းစာရဲ့ အနှစ်ဖြစ်ပြီး လူတွေအားလုံးနားထောင်ရမယ့် နှုတ်ကပတ်တော်ဖြစ်တယ်။ ဆက်လက်ပြီး CLF ကျင်းပစေချင်ပါတယ်။ ကျွန်တော်အခုလိုပါဝင်ခြင်းအားဖြင့် ဆုံးရှူံးသွားတဲ့ခွန်အားတွေကို ပြန်လည်ရှိပြီး အသစ်သောခွန်အားတွေနဲ့ ပြန်မှာဖြစ်ပါတယ်။” – Major Lal Chuailova

“ကျွန်တော့်နာမည်က Ro Nil San ဖြစ်ပါတယ်။ ပထမဆုံးတက်ရောက်တာဖြစ်ပါတယ်။ ပါဝင်ခွင့်ရလို့ အထူးပဲ ကျေးဇူးတင်ပါတယ်။ အရမ်းလည်း စိတ်လှုပ်ရှားပါတယ်။ ဖော်ရွေမှုရှိပြီး ခရစ်ယာန်ရဲ့အနှစ်သာရကိုလည်း ခံစားရပါတယ်။ နောက်လည်းဆက်လက်ပြီး ပါဝင်ချင်တဲ့စိတ်တွေနိုးဆော်သလို စိတ်ထဲမှာ ခရစ်တော်ရဲ့ခန္ဓာကိုယ်အားဖြင့် ကျွန်တော်တို့က တလုံးတဝတည်းဖြစ်ပါတယ်။ လောကမှာသာ ဂိုဏ်းဂဏရှိကြတာပါ။ ကောင်းကင်နိုင်မှာတော့ တစ်အိမ်ထဲမှာ အတူနေမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခုလိုခေါင်းဆောင်တွေ အတူစုဝေးပြီး ဘုရားသခင်ရဲ့နှုတ်ကပတ်တော် နားထောင်ခွင့်ရရှိတာဟာ ကောင်းကြီးခံစားရတာဖြစ်ပါတယ်။ ဆရာကြီးအသက်တာက တကယ်ကို မြန်မာနိုင်ငံအတွက်ပေးဆပ်တာက တကယ်ကို ခရစ်တော်ရဲ့အသက်တာလို အသက်ရှင်တဲ့အရာကို ကြည့်တဲ့အခါမှာ တကယ်ပဲ ရင်ထဲမှာ မျက်ရည်ကျမိပါတယ်။ နှုတ်ကပတ်တော်ပြောတဲ့အရာကလည်း တကယ်ကို တိတိကျကျရှိပြီး ပေးထားတဲ့ခေါင်းစဉ်အတိုင်းပါပဲ။ ပညတ်တရားက ကျွန်တော်တို့အတွက် အရိပ်အယောင်ပဲဖြစ်ပါတယ်။ ယေရှုခရစ်တော်ရဲ့ ကျေးဇူးတရားအားဖြင့်သာ အရာအားလုံးက ပြည့်စုံတာဖြစ်ပါတယ်။ အသွေးတော်အားဖြင့် ပြည့်စုံတဲ့အကြောင်းကို ကြားသိတဲ့အခါမှာ အရမ်းကိုခွန်အားရပါတယ်။” – Pastor Ro Nil San

“ကျွန်တော်နာမည်ကတော့ Rev. Kam Khen Dal ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အရမ်းကောင်းတဲ့အရာက Leadership ဖြစ်ပါတယ်။ ကျွန်တော်သာ မလာဖြစ်ခဲ့ရင် ဒီလိုအရမ်းကောင်းတဲ့ အစီအစဉ်ကို လက်လွတ်သွားမှာဖြစ်တယ်။ အခုလာတဲ့အရာလည်း ဘုရားသခင်ပို့ဆောင်ပေးတယ်လို့ ခံစားရပါတယ်။ CLF အားဖြင့် Leader တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတဲ့အရာ ဘုရားသခင်က ဖော်ပြပေးတယ်လို့ ခံစားရပါတယ်။ အမှုတော်ဆောင်တစ်ယောက်အနေနဲ့ နှုတ်ကပတ်တော်ဝေငှရမှာဖြစ်တဲ့အတွက် ဒီကိုလာခြင်းအားဖြင့် ကျွန်တော့်ကို ဆရာကြီးရဲ့နှုတ်ကပတ်ဒေသနာ နားထောင်ခြင်းအားဖြင့် တိုက်တွန်းခွန်အားပေးတယ်လို့ ခံစားရပါတယ်။ ဒီလို CLF အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့လုပ်မယ်ဆိုရင် အရမ်းကောင်းပါတယ်။ ကျွန်တော်တို့လည်း စည်းစည်းလုံးလုံးနဲ့ ပါဝင်ချင်ပါတယ်။” – Rev. Kam Khen Dal

“CLF ပါဝင်တက်ရောက်တာ လေးကြိမ်ရှိပါပြီ၊ အရင်ကတော့ ဧည့်သည်လိုပဲလာပေမဲ့ အခုတော့ အိမ်ရှင်အနေနဲ့ အတူတကွပါဝင်ချင်ပါတယ်။” – MIT (Myanmar Institute of Theology) ယခင်ကျောင်းအုပ် ဆရာပေါလု

“CLF ဖိတ်ကြားခြင်းနဲ့ပတ်သက်ပြီး သက်သေခံချင်ပါတယ်။ ကျွန်တော်က CLF Committee မှာ Member ဝင်တစ်ယောက်ဖြစ်ပါတယ်။ CLF ဖိတ်ခါစမှာတော့ အထင်သေးခြင်းခံရတဲ့အတွက် သိပ်မသွားချင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအလုပ်ဟာ ကိုယ့်အတွက်လည်းအသက်ဖြစ်သလို သူများအတွက်လည်း အသက်ဖြစ်တယ်လို့နားလည်လာတဲ့အခါ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုလည်း နားလည်ခွင့်ရပြီး ပျော်ရွင်ခြင်းခံစားပါတယ်။

CLF ဖိတ်တဲ့အခါ ခရစ်ယာန်အသင်းအဖွဲ့ကြီးများ၊ ကျမ်းစာကျောင်းများ၊ အသင်းတော်များ၊ ကလေးသာသနာများမှာဦးဆောင်တဲ့ ဆရာ၊ဆရာမများ လက်လှမ်းမှီသလောက်မိတ်သဟာယဖွဲ့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဘယ်ဖက်သွားမယ်၊ ဘယ်သူနဲ့တွေ့မယ်ဆိုတာ သေချာသိပြီး ပြင်ဆင်ထားတာမရှိဘူး။ ဆုတောင်းပြီးမှ ဘုရားသခင်လမ်းပြခြင်းကိုပဲ မျှော်ကူးပြီးသွားတာဖြစ်ပါတယ်။ တခါတစ်လေမှာ ဆရာ၊ ဆရာမ မရှိလို့ ဖိတ်စာထားခဲ့ပြီး ဖုန်းဆက်တယ်။ Good News နဲ့ဆိုရင် မိတ်သဟာယမဖွဲ့ဘူး ပြောတဲ့လူလည်းရှိတယ်။ အခုကယ်တင်ခြင်းအဆင့်ပဲရှိသေးတယ် အဆင့်မြင့်မှလာမယ်ပြောတဲ့ဆရာရှိသလို ခင်ဗျားတို့ကို မှားယွင်းတဲ့အသင်းတော်လို့ ကျွန်နော်တို့ကသတ်မှတ်တယ်လို့ပြောတဲ့လူလည်း ကြုံခဲ့ရပါတယ်။ ရှင်းပြဖို့အချိန်လည်း မယူတော့ပါဘူး။ ယေရှုကိုယ်တိုင်လည်း နတ်ဆိုးခေါင်းဆောင်လို့အပြောခံရတာပဲ၊ စိတ်ဓာတ်မကျပါဘူး။

တချို့နေရာမှာ သူတို့မေးတာဖြေတယ်။ ပြောတာကိုလည်းနားထောင်သလို ကိုယ်ကသက်သေခံတာလည်း ရှိတတ်ပါတယ်။ တွေ့ဖန်များလာတော့ ပိုရင်းနှီးလာတယ်။ များများတွေ့လေ ရင်းနှီးလေလေဖြစ်လို့ ဆက်လက်ပြီးတော့ မိတ်သဟာယဖွဲ့ပြီး ဖြောင့်မတ်ခြင်းတရားအားဖြင့် ဘုန်းတော်ထင်ရှားလာမယ်လို့မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။” – ဦးကမ်းခန့်မန် (CLF Committee အဖွဲ့ဝင်)

နိုင်ငံတော်မတည်မငြိမ်ဖြစ်မှုနှင့် အမျိုးမျိုးသောအခက်အခဲတွေကြောင့် စိတ်ပျက်ခြင်းနဲ့ မှောင်မိုက်ခြင်းထဲမှာ နှစ်မြုပ်နေသော သူတွေကို ဤအကြိမ် CLF မှ “ထာဝရရွေးနှုတ်ခြင်း” ဆိုသည့် ခေါင်းစဉ်အားဖြင့် ဝေငှါပေးသောနှုတ်ကပတ်တော်ကို နားထောင်ပြီး အပြစ်လွတ်ခြင်းလက်ခံရရှိခဲ့ကြပါသည်။ ဆက်လက်၍ CLF အားဖြင့် ယေရှုခရစ်တော်နှင့်ဆုံတွေ့ပြီး စစ်မှန်သော ကယ်တင်ခြင်း၊ ဒုတိယမွေးခြင်းလက်ခံမည့် မြန်မာအမှုတော်ဆောင်များထွက်ပေါ်လာမည့်အရာကို မျှော်လင့်လျက်ရှိနေပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ