May 10, 2024

အသစ်သောမျှော်လင့်ခြင်းများ ဖြစ်ပေါ်စေသည့် Couple Workshop နှင့် Jindallae Choir Concert

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဇနီးမောင်နှံများအတွက် သီးသန့်ပြုလုပ်သည့် Couple Workshop ကို ၈ လပိုင်း ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ရန်ကုန် မြန်မာဂွတ်ဒ်နယူးစ်မစ်ရှင်အသင်းတော်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ Couple Workshop အားဖြင့် ဇနီးမောင်နှံများအားလုံးသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာရရှိရမည်ဟူသော ယုံကြည်ချက်ဖြင့်ပြုလုပ်ခဲ့ပါသည်။

              ကိုရိုနာကြောင့် အစိုးရ၏ ‘လူစုလူဝေးမပြုလုပ်ရ’ ဆိုသည့် ဥပဒေတားမြစ်ချက်များ ပျက်ပြယ်သွားသည့် ၂၀၂၂ ခုနှစ် ၄ လပိုင်းမှစတင်ကာ ကျမ်းစာသင်တန်းများကို အဆက်မပြတ်ပြုလုပ်ခဲ့ရာ ကျေးဇူးတော်ပြည့်ဝခဲ့ပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်နေသည့်အချိန် အိမ်တွင်းရေးပြဿာနာများလည်း များလာခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထို့ကြောင့် စာတန်ချုပ်ထားခြင်းခံရပြီး မှောင်မိုက်ခြင်းထဲတွင် စိတ်ပျက်ဝမ်းနည်းစွာ အသက်ရှင်နေသည့် ဇနီးမောင်နှံများသည် ဤ Workshop အားဖြင့် စာတန်ချုပ်ထားခြင်းမှ လွတ်မြောက်နိုင်ရန် စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

၈ လပိုင်း ၃ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခွဲတွင် Azalea Star အကအဖွဲ့၏ ကပြဖျော်ဖြေခြင်း၊ Joy Band ၏ ဖျော်ဖြေတင်ဆက်မှု၊ Jindallae Choir ၏ သီဆိုဖျော်ဖြေမှုများနှင့် ဖွင့်ပွဲကို စည်းကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲတွင် မြန်မာသာသနာပြုဆရာကြီး Rev. Kim Jong Ho သည် ယောနသန်နှင့် ဒါဝိဒ်မင်းကြီးတို့ ပြုခဲ့သည့် ကတိတော်ကို မသိဘဲ နို့ထိန်း ရိုက်သွင်းခဲ့သော စကားကိုသာ တကယ်ထင်ပြီး ဒုက္ခဝေဒနာများနှင့် အသက်ရှင်ခဲ့သော မေဖိဗောရှက်အကြောင်း ဟောပြောခဲ့ပါသည်။ ထို့အတူ ကျွန်ုပ်တို့သည်လည်း စာတန်ထည့်သွင်းပေးသောအကြံအစည်၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းထဲမှ လွတ်မြောက်ကာ ယေရှုခရစ်တော်နှင့်အတူ ပျော်ရွှင်ဝမ်းမြောက်သောအသက်တာ အသက်ရှင်ကြဖို့မျှော်လင့်ကြောင်း တရားဒေသနာဟောပြောပို့ချခဲ့ပါသည်။

Workshop ပါဝင်သူ ညီအစ်ကိုမောင်နှမများသည် Mind Recreation အစီအစဉ်အားဖြင့်သော်လည်းကောင်း၊ နှုတ်ကပတ်တော်အားဖြင့်သော်လည်းကောင်း အချင်းချင်းစိတ်စီးဆင်းကာ စည်းလုံးပျော်ရွှင်သောအချိန်များကိုလည်း ဖြတ်သန်းခဲ့ကြပါသည်။

နှုတ်ကပတ်တော်နားထောင်ပြီးနောက် သက်သေခံကြသည့်အချိန်သည်လည်း ညီအစ်ကိုမောင်နှမများအား ဝမ်းမြောက်ပျော်ရွှင်စေသောအချိန်ဖြစ်စေခဲ့သည်။

– လက်ထပ်ပြီး အတူနေတာ ၅ နှစ်လောက်ရှိခဲ့ပြီဖြစ်ပေမဲ့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းမသိဘဲနေလာခဲ့တဲ့အရာကို Mind Recreation ဂိမ်းအားဖြင့် သိခွင့်ရခဲ့ပါတယ်။ လက်ထပ်ပြီး အတူတူနေလို့ စိတ်စီးဆင်းနေတယ်။ ချစ်နေတယ်လို့ထင်ခဲ့ပေမဲ့ အမျိုးသမီးရဲ့ မွေးနေ့ကိုတောင်မသိတဲ့ ကျွန်တော်ဖြစ်နေခဲ့ပါတယ်။ စိတ်စီးဆင်းခြင်းမရှိတဲ့ ကျွန်တော်တို့ဇနီးမောင်နှံရဲ့ ပုံစံက လုံးဝ ကုန်းပေါ်လာခဲ့ပါတယ်။ လိမ်လို့မရပါဘူး။ အချင်းချင်းရဲ့ အားနည်းချက်ကို မသိဘဲ ငါမှန်တယ်ဆိုတဲ့တည်နေရာမှာ ရပ်နေမယ်ဆိုရင်တော့ အချင်းချင်း စကားများဖို့ပဲရှိပါတယ်။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက်ကသိမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် လက်ခံပေးလို့ရတယ်။ စိတ်နိမ့်ကျသွားပြီးတော့ စိတ်စီးဆင်းလို့ရပါတယ်။ ဒီတစ်ခေါက် Couple Workshop မှာ ကျေးဇူးတင်တတ်တဲ့စိတ်ကို သင်ယူခဲ့ပါတယ်။ ဂိမ်းကစားခြင်းအားဖြင့်လည်း စိတ်ကို ညှိနှိုင်းခွင့်ရခဲ့ပါတယ်။ တကယ်ကို တန်ဖိုးရှိတဲ့အချိန် ဖြစ်ခဲ့ပါတယ်။ အများကြီး သင်ယူခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ (စစ်တွေအမှုတော်ဆရာ ဖြိုးဝေဦး)

– ကျွန်တော်တို့ဇနီးမောင်နှံ ကျန်ရှိတဲ့အသက်တာမှာ ရန်မဖြစ်ဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ရှင်ပြီး သမီးလေးနှစ်ယောက်ကိုလည်း အသင်းတော်ရဲ့ လမ်းပြမှုအတိုင်း ကောင်းကောင်းပြုစုပျိုးထောင်သွားပါ့မယ်။ စာတန်ချုပ်နှောင်ခြင်းထဲက လွတ်မြောက်စေခဲ့လို့ ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် Workshop မှာ ပါဝင်ခွင့်ရလို့အရမ်းပျော်ပါတယ်။ အခုအချိန်ကစပြီး ကျွန်‌တော်တို့ ဇနီးမောင်နှံနှစ်ယောက် စိတ်တစ်လုံး တဝတည်းနဲ့ အသင်းတော်၊ ဘုရားသခင်ကျွန်ရဲ့ လမ်းပြမှုနောက်လိုက်ပြီး ဧဝံဂေလိတရားအတွက် အသက်ရှင်ချင်ပါတယ်။ (ဦးအောင်ထွန်း)

– ကျွန်မက အမျိုးသားကို အများကြီးလျစ်လျူရှုခဲ့ပါတယ်။ အမျိုးသားက ပိုက်ဆံနည်းနည်းပဲရှာလို့ မကျေနပ်ဘူး။ အမြဲတမ်း စကားများပြီး ပြဿာနာတွေ အများကြီးရှိခဲ့ပါတယ်။ ကွာရှင်းဖို့အထိ အခြေအနေက ဆိုးဝါးခဲ့ပါတယ်။ ဒီ Couple Workshop မှာ ဆရာကြီးက အမျိုးသားနဲ့ပတ်သက်ပြီး တိတိကျကျပြောပြပေးခဲ့ပါတယ်။ “အမျိုးသားက အလုပ်ကောင်းမယ်။ ပိုက်ဆံ အများကြီးရမယ်ဆိုရင် ယေရှုနဲ့ တွေ့နိုင်ခဲ့မှာ မဟုတ်သလို ကယ်တင်ခြင်းလည်း ရမှာမဟုတ်ဘူး။ နှုတ်ကပတ်တော်လည်း စိတ်ဝင်စားမှာမဟုတ်ဘူး။ တောက်လျောက် ဒီလောကထဲမှာ နစ်မြှုပ်ပြီး အသက်ရှင်မှာဖြစ်တယ်” ဆိုပြီး ကျွန်မတို့ ပုံစံကို ဖော်ပြပေးခဲ့ပါတယ်။ ဆရာကြီးဟောပြောတဲ့ နှုတ်ကပတ်တော်ကြားရတဲ့အခါ ကျွန်မစိတ် ပြောင်းလဲပြီး အမျိုးသားကို တောင်းပန်ခဲ့ပါတယ်။ ကျွန်မဆိုတာ တကယ်ကို မိုက်မဲတဲ့မိန်းမဖြစ်ခဲ့ပါတယ်။ ကျွန်မစိတ်နဲ့ပဲ မိုက်မဲစွာ အသက်ရှင်ခဲ့တဲ့အရာတွေကို အမျိုးသားရှေ့မှာ ပြပ်ဝပ်ပြီး တောင်းပန်ခဲ့ပါတယ်။ အခုဆိုရင် အမျိုးသားကို အရမ်းချစ်ပါတယ်။ အရင်ကဆိုရင် အရမ်းသဝန်တိုတတ်တဲ့အမျိုးသားကို ကျွန်မက အမြဲတမ်း အရမ်းစိတ်သဘောထား သေးသိမ်တာပဲဆိုပြီး အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ ဆရာကြီးက အဲဒီလိုဖြစ်တာက ကျွန်မကို အရမ်းချစ်လို့ဆိုပြီး ‌ပြောပြပေးခဲ့ပါတယ်။ အမြဲတမ်း ကျွန်မကိုသဝန်တိုရတဲ့အကြောင်းရင်းကိုသိခဲ့ရပြီဖြစ်လို့ အခုဆိုရင် အမျိုးသားကို အရမ်းချစ်ပါတယ်။ ကျွန်မလို မိန်းမကို ချစ်ပေးလို့လည်း အရမ်းကျေးဇူးတင်တယ်။ ကျန်ရှိတဲ့ဘဝအသက်တာကို ဧဝံဂေလိတရားထဲမှာ အသင်းတော်၊ ဘုရားသခင်ကျွန်ရဲ့ လမ်းပြခြင်းလက်ခံပြီး ပျော်ရွှင်စွာ အသက်ရှင်ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (ဒေါ်သန်းသန်းယု)

– Couple Workshop မှာ ဆရာကြီးက ကျွန်မတို့မိသားစုကို ပျော်ရွှင်စွာ အသက်ရှင်နိုင်အောင် ကျွန်မတို့စိတ်ထဲကို မျှော်လင့်ခြင်း၊ ပျော်ရွှင်ခြင်းကို စိုက်ပျိုးပေးခဲ့ပါတယ်။ ဆရာကြီး ဟောပြောပေးခဲ့တဲ့ နှုတ်ကပတ်တော်တွေအားဖြင့် အခု ကျွန်မတို့ ဇနီးမောင်နှံက အရမ်းကိုပျော်ရွင်ပြီးတော့ မျှော်လင့်ခြင်းပြည့်ဝနေပါတယ်။ ကယ်တင်ခြင်းရတာ ကြာပြီဖြစ်ပေမဲ့ ယုံကြည်ခြင်းမသင်ယူဘဲ အသက်ရှင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းသွားပြီး အပြစ်မရှိတော့ဘူး။ ကယ်တင်ခြင်းရပြီဆိုပြီးတော့ပဲ အချိန်အကြာကြီး အသက်ရှင်ခဲ့ပါတယ်။ ဒါကြောင့် မိသားစုကို ဘယ်လိုလမ်းပြရမလဲ။ အိမ်တွင်းရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲ။ သားသမီးတွေကို ဘယ်လိုသွန်သင်ဆုံးမရမလဲ မသိခဲ့ပါဘူး။ ဒီလောကလူတွေလိုပဲ ကြိုးစား ပိုက်ဆံရှာပြီး ကြိုးစား အသက်ရှင်ရမယ်။ ပိုက်ဆံအများကြီး ရှာပြီး အိမ်ကောင်းကောင်း၊ ကားကောင်းကောင်းနဲ့ နေရမယ်ဆိုရင် ပျော်ရွှင်မယ်လို့ ထင်ခဲ့ပါတယ်။ ဒါကြောင့် ပိုက်ဆံရှာရမယ်ဆိုတဲ့စိတ်ပဲရှိခဲ့ပါတယ်။ ပိုက်ဆံတော့ ရှာနိုင်ပေမဲ့ မိသားစုမှာ ပြဿနာတွေဖြစ်လာတဲ့အခါ အဲဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲမသိခဲ့ပါဘူး။

              ဒီတစ်ခေါက် Couple Workshop မှာ ရောမ အခန်းကြီး ၇ နှုတ်ကပတ်တော်နားထောင်ခဲ့ပါတယ်။ ရောမ အခန်းကြီး ၇ ကို ကြည့်မယ်ဆိုရင် “ငါက ၊ ငါက” ဆိုတဲ့စကားလုံး အများကြီးပါတာကို တွေ့ရပါတယ်။ ကယ်တင်ခြင်းရပြီးပြီဖြစ်ပေမဲ့ ကျွန်မလည်း ပေါလုလိုပဲ “ငါက လုပ်ရမယ်။ ငါက လုပ်ရမယ်။ ငါက လမ်းပြရမယ်” အဲဒီလိုစိတ်နဲ့ အသက်ရှင်တဲ့အတွက်ကြောင့် “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား” ဆိုပြီး သေချင်လောက်အောင် ယုံကြည်ခြင်းအသက်တာမှာ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ရောမ ၈း ၂၆ မှာ ဖတ်ကြည့်တဲ့အခါ ဝိညာဥ်တော်ရဲ့ အကူအညီနဲ့ ယုံကြည်ခြင်းအသက်တာ အသက်ရှင်တယ်ဆိုတဲ့ ကျမ်းပိုဒ်ကို တွေ့ရပါတယ်။ ကျွန်မတို့ မလုပ်နိုင်တဲ့အရာကို ဝိညာဥ်တော်က ဆုတောင်းပေးတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကျွန်မတို့က ကြိုးစားအသက်ရှင်ရမှာမဟုတ်ဘူး။ ဝိညာဥ်တော်က ယေရှုက အလုပ် လုပ်ပေးမှာဖြစ်ပါတယ်။ ဒီတစ်ခေါက် သင်တန်းအားဖြင့် ဘဝကို ဘယ်လိုအသက်ရှင်ရမလဲဆိုတာကို တိတိကျကျ လမ်းပြခြင်းလက်ခံရရှိခဲ့ပါတယ်။ စစ်မှန်တဲ့ ပျော်ရွှင်ခြင်း၊  စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ အသက်ရှင်နိုင်အောင် ဆွဲခေါ်ပေးတဲ့ Couple Workshop ကို ကျေးဇူးတင်ပါတယ်။ (ဒေါ်မိုင်းနှင်းမြအေး)

တစ်ဆက်တည်းမှာပဲ ၈ လပိုင်း ၇ ရက်နေ့ ညနေ ၂ နာရီမှ ၄ နာရီအထိ Jindallae Choir ၏ ဒုတိယအကြိမ် Choir Concert လုပ်ခဲ့ပါသည်။ ကိုရိုနာဖြစ်ပြီးနောက်ပိုင်း ဒုတိယအကြိမ် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ထို Choir Concert တွင် မြန်မာ့အကောင်းဆုံး ဂီတပညာရှင် ပါမောက္ခ Joshua Myat Zaw မှ Conductor (တီးဝိုင်းခေါင်းဆောင်) လုပ်ခဲ့ပါသည်။ တက်ရောက်ပါဝင်နားဆင်ခဲ့ကြသော လူအယောက်ပေါင်း ၁၃၀၀ ကျော် ပရိသတ်များသည် ချိုမြိန်သာယာသော ဂီတသံစဥ်များကို စီးမျောခံစားရင်း ဧဝံဂေလိတရားလည်း ကြားနာခွင့်ရရှိခဲ့ကြသည်။

ပွဲမစခင် Azalea Stars အကအဖွဲ့၏အမေရိကန်အက၊ အိန္ဒိယရိုးရာအကများနှင့် စည်းကားသိုက်မြိုက်ခဲ့ပါသည်။ အထူးအနေဖြင့် တက်သစ်စအဆိုတော် လာဒင့်ထားရီ၏ဖျော်ဖြေတင်ဆက်မှုသည်လည်း ပရိသတ်များ၏စိတ်ကို ဝမ်းမြောက်ပျော်ရွှင်စေခဲ့သည်။

Jindallae Choir အဖွဲ့မှ Acappella သီချင်းနှင့် သံစုံကွာယာသီချင်းများကိုလည်း သီဆိုချီးမွမ်းခဲ့ပါသည်။ မြန်မာနိုင်ငံသာသနာပြုဆရာကြီး ကင်မ်ဂျုံဟိုသည် “Jindallae Choir အဖွဲ့ရဲ့ သီဆိုဖျော်ဖြေမှုက အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အခု ဒီနေရာမှာပဲ ရပ်တန့်မနေဘဲ ဆက်လက်ပြီး တိုးတက်ပြောင်းလဲဖို့ စိန်ခေါ်‌နေပါတယ်။ Music က ကျွန်တော်တို့ရဲ့ စိတ်ကို အရည်ပျော်စေတယ်။ ပြီးတော့ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းကို ပေးသလိုပဲ မိတ်ဆွေတို့အားလုံးက ယေရှုခရစ်တော်နဲ့ ဆုံတွေ့မယ်ဆိုရင် ဝမ်းမြောက်ခြင်း ပျော်ရွှင်ခြင်းအရသာကို မြည်းစမ်းခွင့်ရမှာဖြစ်ပါတယ်။ သခင်ယေရှုက လက်ဝါးကပ်တိုင်မှာ အသေခံခြင်းအားဖြင့် အမှုပြီးစေခဲ့ပါပြီ။ ကျွန်တော်တို့က အဲဒီသခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ထာဝရ အသက်ကို လက်ခံရရှိတဲ့သူတွေဖြစ်ပါတယ်။ ကိုရိုနာကြောင့် လူတွေက ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်း ခံစားခဲ့ရပေမဲ့လည်း Jindallae Choir နဲ့ တွေ့တဲ့သူတိုင်းက မျှော်လင့်ခြင်း ဗိုင်းရပ်စ် ကူးစက်ခံရပြီးတော့ မျှော်လင့်ခြင်းကို လက်ခံရရှိမယ်။ မှောင်မိုက်ခြင်းထဲက လွတ်မြောက်ခွင့်ရမှာဖြစ်ပါတယ်။ မိတ်ဆွေတို့နဲ့အတူ မြန်မာနိုင်ငံမှာ မျှော်လင့်ခြင်းမျိုးစေ့ အများကြီး ကြဲသွားချင်ပါတယ်” ဟု ပြောခဲ့ပါသည်။

– Jindallae Choir အဖွဲ့က မြန်မာ့အကောင်းဆုံး Choir အဖွဲ့ဖြစ်ဖို့ အရည်အချင်းရှိပါတယ်။ မြန်မာမှာ ဒီလောက် ကောင်းတဲ့ Choir အဖွဲ့ မရှိဘူးလို့ ထင်ပါတယ်။ ဒီကနေ့ Acappella တင်ဆက်မူဆိုတာ ဘာတူရိယာမှ မသုံးဘဲ လူတွေရဲ့ အသံပဲ အသုံးပြုပြီး ဟန်ချက်ညီအောင် ပြုလုပ်ထားတဲ့ Choir နည်းပညာဖြစ်ပါတယ်။ ကျွန်တော် သင်ကြားပေးတဲ့ ကာလကတော့ ၄ လပဲ ဖြစ်ပေမဲ့လည်း Choir အဖွဲ့က အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ အောင်မြင်စွာ သင်ကြားခြင်းထက်၊ ဘုရားသခင်ရဲ့ အသုံးပြုခြင်းကို လက်ခံရရှိခဲ့တယ်လို့ ခံစားမိပါတယ်။ ဘုရားသခင်က ဒီလိုမျိုး အလုပ်ကို ပြင်ဆင်ပေးထားလို့ ဒီလို သင်ကြားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဘုရားသခင်က ပေးတဲ့ ပါရမီအားဖြင့် ဒီလိုမျိုး ဘုန်းတောင်ကြီးမြတ်တဲ့ အလုပ်ထဲမှာ အသုံးပြုခံရလို့ ကျေးဇူးတင်ရှိပါတယ်။ Jindallae Choir အဖွဲ့က အရှေ့‌တောင်အာရှတွင် အကောင်းဆုံး Choir ဖြစ်ဖို့ ဆွဲ‌ခေါ်ပေးချင်ပါတယ်။

– Choir အဖွဲ့ရဲ့ Concert အတွက် တီးခက်လေ့ကျင့်ရန် အခက်အခဲ အများကြီးနဲ့ ကြုံတွေ့ခဲ့ပါတယ်။ Mozart ရေးစပ်ထားတဲ့ Dies Irea ဆိုတဲ့ သီချင်းက ခက်ခဲပြီး စည်းချက်လည်း မြန်တဲ့ သီချင်းဖြစ်ပါတယ်။ လေ့ကျင့်ချိန်က တစ်လတည်း ရှိသာဖြစ်ပါတယ်။ အပြင်ကလာတဲ့ Brother, Sister တွေလည်း အချိန်မရှိပေမဲ့ စိတ်တစ်လုံးတဝတည်းနဲ့ လေ့ကျင့်ခဲ့ကြပါတယ်။ ဆရာကြီးကတော့ အရှေ့တောင်အာရှ အကောင်းဆုံး Choir အဖွဲ့နဲ့ Orchestra ဖြစ်မယ်ဆိုတဲ့ ဂတိတော် နှုတ်ကပတ်တော်ရှိလို့၊ အများကြီး လေ့ကျင့်ရလို့ ပင်ပန်းတဲ့အချိန်တွေလည်း ရှိခဲ့ပြီး တင်ဆက်နေတုန်း အမှားလည်းရှိခဲ့သော်လည်း ချော့မွေ့စွာနဲ့ အဆုံးသတ် ခွင့်ရခဲ့ပါတယ်။ အရှေ့တောင်အာရှတွင် အကောင်းဆုံး Jindallae Choir အဖွဲ့မှ Violin တီးခတ်ခြင်းအားဖြင့် ပါဝင်ခွင့်ရရှိလို့ ကျေးဇူးတင်ရှိပါတယ်။ ပါဝင်တက်ရောက်ကြပြီး ပွဲတွင် အလင်း ရောင်တောက်ပစေတဲ့ ညီအစ်ကိုမောင်နှမများနဲ့ ဆရာကြီး ဆရာမကြီးတို့ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ Hkawn San (Jindallae Orchestra အဖွဲ့ဝင်

– မင်္ဂလာပါ။ ကျွန်မနာမည်ကတော့ ဆာအယ်လို့ ခေါ်ပါတယ်။ မွေးရပ်ဇာတိကတော့ ကချင်ပြည်နယ်ဖြစ်ပါတယ်။ အခုကတော့ ရန်ကုန် စမ်းချောင်းမှာ နေထိုင်ပါတယ်။ ဒီ Choir အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ကြည့်ရှုပြီး စိတ်လှုပ်ရှားမှုကို လက်ခံရရှိခဲ့ပါတယ်။ ဒီလိုမျိုး ဖျော်ဖြေပွဲမျိုးကို တစ်ခါမှ မကြည့်ခဲ့ဖူးပါ။ ဒီလိုမျိုး ဖျော်ဖြေမူက‌တော့ ကျနော်တို့နဲ့ အတူ ငယ်ရွယ်တဲ့ လူငယ်တွေက သေချာပေါက် ကြည့်ရမဲ့ အရမ်းကို တန်ဖိုးရှိတဲ့ ပွဲလေးဖြစ်ပါတယ်။ Music ဆိုတာ ဒီလိုမျိုး အရာပါလား ဆိုတာကို ဖော်ပြပေးပြီး အရင်က Concert ဆိုတာ ဘာလဲ မသိခဲ့ပါဘူး။ ဒီနေ့မှပဲ ကြည့်ပြီး သိခွင့်ရရှိခဲ့ပါတယ်။ Choir အဖွဲ့ဝင် တစ်ဦးချင်းစီကို ကြည့်မယ်ဆိုရင် ဒီလိုဖြစ်ဖို့အတွက် မြောက်များလှတဲ့ အခြေအနေတွေကို ဖြတ်ကျော်လာခဲ့ရတယ်ဆိုတာကို သိရှိခွင့်ရခဲ့ပါတယ်။ Choir အဖွဲ့ဝင်တွေကို ကြည့်ရင် လှုံ့ဆော်မှု ဖြစ်လာပါတယ်။ ပြီးတော့ ဆရာကြီး နှုတ်ကပတ်တော်က စိတ်ထဲတွင် စိတ်ပျက်ခြင်း ရောက်ရှိလာတဲ့အချိန် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နောက် လိုက်သွားရင် မိမိအကြံအစည်နဲ့ မရဘူးလို့ စဥ်းစားပေမဲ့ နှုတ်ကပတ်တော်နောက် လိုက်သွားမယ်ဆိုရင် ရတယ်ဆိုတဲ့ နှုတ်ကပတ်တော်ကို နားထောင်ရင်း စိတ်ထဲမှာ ခွန်အားရရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ (မဆာအယ်)

မြန်မာနိုင်ငံသည် မျှော်လင့်ချက်/ အလားအလာရှိသောနိုင်ငံဖြစ်ပါသည်။ ကြုံတွေ့ရသောပြဿနာအမျိုးမျိုးကြောင့် မျှော်လင့်ချက်မဲ့သူများ တဖြည်းဖြည်း များလာခဲ့ပါသည်။ သို့သော် ယေရှုခရစ်တော်၏ဧဝံဂေလိတရားအလင်းသည် ပိုမိုတောက်ပထင်ရှားလာပြီး မြန်မာလူမျိုးများအတွက် မျှော်လင့်ခြင်းဖြစ်လာခဲ့ပါသည်။ ဘုရားသခင်၏ဧဝံဂေလိတရားသည်သာလျှင် မှောင်မိုက်နေသည့် မြန်မာနိုင်ငံအား ထွန်းလင်းတောက်ပကာ မျှော်လင့်ခြင်းပြည့်ဝသောနိုင်ငံအဖြစ် ပြောင်းလဲစေမည်ဟု ယုံကြည်မိပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ