December 27, 2024

“ပြောင်းလဲခြင်း သင်္ဘော” ဖြစ်တဲ့ Volunteer Camp နှင့် Youth Camp

  • အပြောင်းအလဲအတွက် စိန်ခေါ်ခြင်း၊ ပြောင်းလဲခြင်း၊ ပေါင်းစည်းခြင်းကို သင်ယူပေးတဲ့ Volunteer Camp နှင့် Youth Camp ကျောက်ဆူးကို ချခဲ့ပါသည်။
  • ပြောင်းလဲခြင်းလေက မြန်မာလူငယ်များကို တိုက်ခတ်ပို့ဆောင်ပေးခဲ့ပါသည်။

လွန်ခဲ့သော (၅) လပိုင်း (၂) ရက်နေ့မှ (၈) ရက်နေ့အထိ Myanmar Good News ရန်ကုန်အသင်းတော်တွင် Volunteer Camp ကို ပြုလုပ်ခဲ့ပြီးနောက် ရက်အနည်းအကြာတွင် Youth Camp အတွက် တစ်နိုင်ငံလုံးမှ စေတနာ့ဝန်ထမ်းများကို စုဝေးစေပါသည်။ ကြိုတင်လေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒီတစ်ခေါက် Camp တွင် လူငယ် အယောက် (၃၀၀) ကျော်တဲ့ စေတနာ့ဝန်ထမ်းများသည် သင်ယူချင်စိတ်နဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ကြပါသည်။

ပထမနေ့တွင် Azalea Star နှင့် Jindallae Choir အဖွဲ့၏ တောက်ပသော တင်ဆက်ပြသမှုများအားဖြင့် Camp ကို စတင်ကျင်းပခဲ့ပါသည်။ အထူးသဖြင့် ဒီတစ်ခေါက်တွင် တစ်နိုင်ငံလုံးမှ စုဝေးရောက်ရှိလာသည့် စေတနာ့ဝန်ထမ်းများသည် မိမိပါဝင်ချင်သော အဖွဲ့ထဲဝင်ပြီး Camp အစကတည်းက စိတ်အားထက်သန်စွာနဲ့ လေ့ကျင့်ပြီး ပါဝင်ခဲ့ကြပါသည်။ ပါဝင်တက်ရောက်သူများ အားလုံးသည် မိမိကိုယ်တိုင် စင်ပေါ်တက်ပြီး ဖျော်ဖြေတင်ဆက်မှုတွင် ပါဝင်ချင်လောက်အောင် တင်ဆက်မှုများကို နှစ်သက်ခဲ့ကြပါသည်။

နှုတ်ကပတ်တော် ဝေငှသည့်အချိန်တွင် မြန်မာနိုင်ငံသာသနာပြုဆရာကြီး Kim Jong Ho  သည် ဗိုလ်ချုပ်နေမန် အကြောင်းကို ဟောပြောဝေငှခဲ့ပါသည်။ ဆရာကြီး Kim Jong Ho သည် “ဗိုလ်ချုပ်နေမာန်ရဲ့ အကြံအစည်က သူ့ကို စိတ်ဒုက္ခရောက်အောင် ပြုလုပ်ခဲ့သလို ကျွန်တော်တို့ရဲ့အကြံအစည်က ကျွန်တော်တို့ကို ဒုက္ခရောက်အောင် ပြုလုပ်ပါတယ်။ ကျွန်တော်တို့က မပြောင်းလဲနိုင်တဲ့ အကြောင်းက မိမိရဲ့ အကြံအစည်ကြောင့်ဖြစ်တယ်” ဆိုပြီး တိတိကျကျ ထောက်ပြပေးခဲ့ပါသည်။

“ဒီသင်္ဘောရဲ့ နာမည်က ပြောင်းလဲခြင်း သင်္ဘောဖြစ်ပါတယ်။ ဒီသင်္ဘောကို စီးတဲ့လူတွေအားလုံး ပြောင်းလဲမှာ ဖြစ်ပါတယ်။ ခွန်အားမရှိတဲ့လူက ခွန်အားရရှိလာမှာဖြစ်ပြီး ယုံကြည်ခြင်းမရှိသောသူက‌တော့ ယုံကြည်ခြင်း ရှိလာမှာ ဖြစ်ပါတယ်။ မျှော်လင့်ခြင်း မရှိတဲ့သူတွေလည်း မျှော်လင့်ခြင်းတွေ ပြည့်လျှံလာမှာ ဖြစ်ပါတယ်။”

ယခုတစ်ကြိမ်ပြုလုပ်သော Camp သည် တစ်ခြား Camp များထက်ပိုပြီး တက်ကြွသည့် Camp ဖြစ်ခဲ့ပါသည်။ ပါဝင်တက်ရောက်သူများသည် “စေတနာ့ဝန်ထမ်း” ဆိုသည့် ခေါင်းစဥ်အားဖြင့် စိတ်တစ်လုံးတစ်ဝတည်းနဲ့ စုဝေးကာ ဘယ်လို အစီအစဥ်ပဲလုပ်လုပ် အားလုံးက တက်ကြွစွာပါဝင်ပြီး ပျော်ရွှင်ခဲ့ကြပါသည်။ ပါဝင်တက်ရောက်သူများထဲမှ ကျော်ခန့် ဆိုသည့် လူငယ်သည် “ကျွန်‌တော်ကတော့ တက်ကြွပြီး တောက်ပတဲ့ လူမဟုတ်ပေမဲ့လည်း ဒီနေရာတွင်ပါ၀င်တဲ့ လူတွေအားလုံးက တောက်ပလို့ ကျွန်တော်လည်း အတူတူ တောက်ပလာသလိုပဲ ခံစားရပါတယ်” ဆိုပြီး  ပြောခဲ့ပါသည်။

နေ့စဥ်ပြုလုပ်သည့် ဓာတ်ပုံပြိုင်ပွဲတွင် အဖွဲ့အားလုံးသည် ဆန်းသစ်သော အိုင်ဒီယာများနဲ့  ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါသည်။ ဓာတ်ပုံအများကြီး ရှိခဲ့ပေမဲ့လည်း တူညီသည့်အချက်မှာ အားလုံး၏မျက်နှာတွင်  အပြုံးများ ပြည့်နက်နေခြင်းပဲ ဖြစ်ပါသည်။ အကယ်ဒမီများနှင့် ဓာတ်ပုံ၊ အက၊ ဂီတ စသည့် အမျိုးမျိုးသော recreation များတွင် တစ်ယောက်မကျန် အဖွဲ့သားများနဲ့အတူ တက်ကြွစွာပါဝင်ပြီး ပျော်ရွင်စရာကောင်းသော အခိုက်အတန့်လေး ဖြစ်ခဲ့ပါသည်။

အထူးသဖြင့် နောက်ဆုံးနေ့တွင် ပြုလုပ်ခဲ့သော ပြဇာတ်ပြိုင်ပွဲတွင် အဖွဲ့များအားလုံးသည် မိမိတို့ ခေါင်းစဥ်အလိုက် ပြဇာတ်ကို ပြင်ဆင်တင်ဆက်ခဲ့ကြပါသည်။ ပြင်ဆင်ချိန်နည်းခဲ့သော်လည်း အားလုံးသည် စိတ်တစ်လုံးတဝတည်းဖြစ်ခြင်းအားဖြင့် ပြင်ဆင်ကာ လေးနက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပြဇာတ်များကို တင်ဆက်ပြသခဲ့ကြပါသည်။ ဝန်ထုတ်ဝန်ပိုးရှိတဲ့သူဖြစ်ခဲ့သော်လည်း အခြားသောအဖွဲ့ဝင်များမှ ပျော်ရွှင်ဝမ်းမြောက်သောစိတ်နဲ့  ပြင်ဆင်နေသည်ကို ကြည့်ပြီး သူတို့၏စိတ်ထဲတွင်လည်း ပျော်ရွှင်ခြင်း ကူးစက်လာကာ တစ်ယောက်မကျန် ပါဝင်နိုင်ခဲ့ကြပါသည်။

ယခုတစ်ကြိမ်ပြုလုပ်သော Volunteer Camp သည် ပါဝင်တက်ရောက်သူများကို ပြောင်းလဲခြင်း၊ စိန်ခေါ်ခြင်းနှင့် ပေါင်းစည်းခြင်းကို သင်ကြားပေးသည့် Camp ဖြစ်ခဲ့ပါသည်။ နှုတ်ကပတ်တော်အားဖြင့် စိတ်ပြောင်းလဲသွားပြီး ဝန်ထုတ်ဝန်ပိုးရှိသော လှုပ်ရှားမှုများတွင် သတ္တိရှိစွာစိန်ခေါ်ကာ အဖွဲ့လိုက်စည်းဝေးခြင်းနှင့် အခြားသောအစီအစဥ်များတွင်ပါဝင်ခြင်းအားဖြင့် မတူညီသောစိတ်ကမ္ဘာနဲ့ အသက်ရှင်ခဲ့သော လူများသည် တစ်လုံးတဝတည်း ပေါင်းစည်းပေးနိုင်သည့် ပျော်ရွှင်ခြင်းပြည့်ဝသော Camp ဖြစ်ခဲ့ပါသည်။

လင်းမြတ်တိုး / ရန်ကုန်

ကျွန်တော်က သက်သေခံတာဖြစ်ဖြစ်၊ စင်ပေါ်မှာ တက်တာဖြစ်ဖြစ် မလုပ်ဖူးပါဘူး။ လုပ်နိုင်တဲ့သူလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီတစ်ခေါက် Camp မှာ ဆရာကြီးက စိန်ခေါ်တဲ့လူက ကျေးဇူးတော်လက်ခံရရှိမယ်။ စိန်ခေါ်မှ ပြောင်းလဲနိုင်မယ်ဆိုတဲ့ နှုတ်ကပတ်တော်က စိတ်ထဲမှာ ကျန်နေပါတယ်။ ဒါကြောင့် သက်သေခံတဲ့ အချိန်မှာလည်း တခြားသူတွေထက် မြန်မြန် စင်ပေါ်ပြေးတက်ခဲ့ပါတယ်။ အဲဒီလို ဒီတစ်ခေါက် ဝန်ထုတ်ဝန်ပိုးကို ကျော်လွှားလိုက်လို့  နောက်မှာ အခက်အခဲရှိလာရင်လည်း စိန်ခေါ်မှာဖြစ်ပါတယ်။

နိုဂျူနီယာတင်ထွဋ် / မန္တလေး

ဒီတစ်ခေါက် Camp မှာကတော့ အများကြီး သင်ယူခဲ့ပါတယ်။ ဓာတ်ပုံပြိုင်ပွဲ၊ ပြဇာတ်ပြိုင်ပွဲ စသော အရာများအားဖြင့် အဖွဲ့ဝင်များနှင့် ဆက်သွယ်ပြီး ပေါင်းစည်းနိုင်တဲ့ အရာက အရမ်းကောင်းပြီး ပျော်ရွှင်ခဲ့ပါတယ်။ နောက်တစ်ပတ်တွင် ပြုလုပ်မည့် Youth Camp မှာလည်း သူငယ်ချင်းမိတ်ဆွေများအားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။ ရှေ့ဆက် နှုတ်ကပတ်တော်ကို နားထောင်ခွန်အားယူပြီး  အသင်းတော်နဲ့ဆက်သွယ်ကာ အများကြီး သင်ယူချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

စိုး Gracious / ရန်ကုန်

ငယ်ငယ်ကတည်းက ဘုရားကျောင်းတက်ခဲ့ပေမဲ့ ကယ်တင်ခြင်းရရှိရုံကလွဲလို့ ဘာမှမသင်ယူဘဲ အသက်ရှင်ခဲ့ပါတယ်။ ဒီတစ်ခေါက် Camp မှာ ဆရာကြီးက ဗိုလ်ချုပ်နေမန်လို မိမိရဲ့ အကြံအစည်ထဲမှာ အသက်ရှင်နေတဲ့ ပုံစံကို တိတိကျကျ မြင်တွေ့စေတဲ့အခါမှာ ကျွန်တော့်ကို မပြောင်းလဲစေတဲ့ အရာက ကိုယ့်အကြံအစည်ဖြစ်နေတာကို သဘောပေါက်နားလည်ခဲ့ပါတယ်။ ဧလိရှဲဆီကို သွားတဲ့အချိန်မှာ ဗိုလ်ချုပ်မဟုတ်ဘဲ နူနာရောဂါသည်ကဲ့သို့ သွားရသလို ကျွန်တော်လည်း အသင်းတော်ရှေ့မှာ ဘာမှမဟုတ်တဲ့ ကိုယ့်ရဲ့ ပုံစံကို ဒီအတိုင်း ယူဆောင်သွားရမယ်ဆိုတာကို နားလည်ခွင့်ရခဲ့ပါတယ်။ အခု ကျွန်တော့် အကြံအစည်ကို စွန့်ပစ်ပြီး ဘုရားသခင် ပေးတဲ့ နှုတ်ကပတ်တော်ကို လက်ခံပြီး အသက်ရှင်သွားပါမယ်။

Volunteer Camp ပြီးသည့်နောက် Youth Camp ကို တဆက်တည်းပြုလုပ်ခဲ့သည်။ Volunteer Camp တွင် Training ခံယူပြီးသောသူများ ဦးဆောင်ကာ ပိုမိုပြည့်စုံသော အစီအစဥ်များ၊ အချိန်ဇယားများနှင့် ပြင်ဆင်ထားသည့် Youth Camp သည် ရန်ကုန်တွင်သာမက မြစ်ကြီးနား၊ ပူတာအို (၃) နေရာတွင် တစ်ချိန်တည်းပြုလုပ်ခဲ့ပါသည်။ လူငယ် အယောက်ပေါင်း (၁၀၀၀) ကျော် ပါဝင်ခဲ့ပြီး  အထူးသဖြင့် လူသစ်အယောက် (၃၆၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ယခုတစ်ကြိမ်ပြုလုပ်သည့် Camp သည်လည်း တခြား Camp များနဲ့ မတူထူးခြားသော camp ဖြစ်ခဲ့ပါသည်။ အရင် Camp ကို ပြင်ဆင်ခဲ့တဲ့ လူတွေမဟုတ်ဘဲ Volunteer Camp မှာ ပါဝင်ခဲ့သောလူများအား အဓိကထားပြီး အဖွဲ့ခေါင်းဆောင်၊ အကယ်ဒမီများနှင့် အမျိုးမျိုးသော အစီအစဥ်များတွင် တာဝန်ခံအဖြစ်ခန့်ထားပြီး “ပါဝင်သူ” နေရာမှ “စီစဥ်သူ” အဖြစ်ပြောင်းလဲခဲ့ပြီး Camp ကို ပြင်ဆင်ခဲ့ကြပါသည်။ ပြီးခဲ့သည့် camp မှ မိမိနှစ်သက်သော အစီအစဥ်များအား ပိုကောင်းအောင်လုပ်ပြီး လိုအပ်ချက်ရှိတဲ့ အပိုင်းကို ပြင်ဆင်ခဲ့သောကြောင့် Camp မစခင်တွင်ပင် စိတ်လှုပ်ရှားခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် စေတနာ့ဝန်ထမ်းများနဲ့ ဖွဲ့စည်းထားသည့် Azalea Star အဖွဲ့အသစ်သည်  ကပြဖျော်ဖြေခဲ့ပါသည်။ ပြီးနောက် Jindallae Choir သည် Orchestra အဖွဲ့ နဲ့အတူ တင်ဆက်ဖျော်ဖြေမှုသည်  ပါဝင်တက်ရောက်သူများကို စိတ်လှုပ်ရှားစေခဲ့ပါသည်။ အထူးသဖြင့် ထိုနေ့တွင် မြန်မာအမျိုးသမီး လုပ်ငန်းရှင်အသင်းရဲ့ ဥက္ကဌဖြစ်သော ဒေါ်ဝင်းခိုင်သည် ဖွင့်ပွဲတွင် ပါဝင်တက်ရောက်ပြီး ဂုဏ်ပြုစကား ပြောကြားပေးခဲ့ပါသည်။ ဆရာကြီး Kim Jong Ho သည် “ဒီတစ်ခေါက် Camp အားဖြင့် မြန်မာတွင် မှုးယဇ်ဆေးဝါး၊ ဂိမ်း ထဲတွင် နစ်မြုပ်ပျက်စီးနေတဲ့ လူငယ်တွေက ပျော်ရွှင်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို လက်ခံရရှိပြီး ဘဝအသက်တာပြောင်းမယ်လို့ မျှော်လင့်ပါတယ်။” ဆိုပြီး Camp အား ပြုလုပ်ရသည့်အကြောင်း ပြောပြခဲ့ပါသည်။

ညနေပိုင်းတွင် အမျိုးမျိုးသော အကယ်ဒမီများ၊ ပြဇာတ်များနှင့် အထူးသဖြင့် Mind Lecture ဟောပြောခြင်းများလည်း ရှိခဲ့ပါသည်။

‌နောက်ဆုံးနေ့တွင် အထူးအစီအစဥ်အနေဖြင့် Mind Lecture ပြိုင်ပွဲ ပြုလုပ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် Hongseong နိုင်ငံတကာ ရုပ်ရှင်ပြိုင်ပွဲတွင် ဆုရရှိခဲ့သော မြန်မာရုပ်ရှင်ဒါရိုက်တာ ကျော်နှင်းဆီ၏ ဂုဏ်ပြုစကားအားဖြင့် အစပြုပြီး နာမည်ကြီးအဆိုတော် လာဒင့်ထားရီသည်လည်း ဆက်လက်ပြီး ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်မှ ပါဝင်တက်ရောက်သူ  (၁၄၈) ယောက်နှင့် မြစ်ကြီးနားမှ (၄၅) ယောက် တို့သည် မိမိပြင်ဆင်ထားသည့် ခေါင်းစဥ်များဖြင့် Mind Lecture ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပါသည်။ ယှဥ်ပြိုင်သူများသည် မိမိအတွေ့အကြုံများနှင့် Camp တွင်ပါဝင်ခြင်းအားဖြင့် စိတ်ပြောင်းလဲခွင့်ရရှိသည့်အကြောင်းအရာများ ပို့ချသောကြောင့် ကြည့်ရှုသူများအား စိတ်လှုပ်ရှားစေခဲ့ပါသည်။ ဤ Mind Lecture ပြိုင်ပွဲ ကြည့်ခြင်းအားဖြင့် မြန်မာတနိုင်ငံလုံးတွင် စိတ်ဓာတ်ပညာရေးသည် ကျယ်ပြန့်စွာပျံနှံလာမည်ဟု မျှော်လင့်နိုင်ပါသည်။

ကျွန်တော် ဒီတစ်ခေါက် Camp မှာ ပါဝင်တာ ပထမဦးဆုံးဖြစ်ပါတယ်။ ဒါကြောင့် အရာအားလုံးကို အသစ်လိုပဲ ခံစားရပေမဲ့ ဝန်ထုတ်ဝန်းပိုး ဖြစ်တာထက် အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ဆရာကြီးရဲ့ နှုတ်ကပတ်တော်လည်း ပထမဦးဆုံးအနေနဲ့ နားထောင်ဖူးတာဖြစ်ပေမဲ့ စိတ်ထဲမှာ အရမ်းကို ခွန်အားဖြစ်ခဲ့ပါတယ်။ စိတ်ကို ပြောင်းလဲဖို့ရန် (၁) စက္ကန့်နဲ့ လုံလောက်တယ်ဆိုတဲ့ နှုတ်ကပတ်တော်က အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေဖြစ်ခဲ့ပြီး နောက်တစ်ကြိမ်ဆို ကျွန်တော့်မိသားစုတွေအားလုံးကို ခေါ်လာပြီး ထပ်မံပြီး ပါဝင်ချင်ပါတယ်။  

-လယ်ထယ်ဝါ ( ရန်ကုန် )

ကျွန်တော်ကတော့ ငယ်ငယ်လေးကတည်းက ဂိမ်းစွဲလမ်းခဲ့ပါတယ်။ ကျောင်းလည်း မသွားဘဲ ဂိမ်းပဲဆော့ပြီး တခြားသူတွေနဲ့လည်း စကားမပြောဘဲ နေခဲ့တဲ့သူဖြစ်ပါတယ်။ သူငယ်ချင်းက အတင်းခေါ်လာလို့ ပါဝင်ခဲ့တဲ့ Camp ဖြစ်ပေမဲ့ အခုကတော့ ‌ရောက်လာတာကောင်းတယ်ဆိုပြီး စဥ်းစားမိပါတယ်။ ကျွန်တော့် စိတ်ထဲမှာ ပျော်ရွှင်ခြင်း မရှိသည့်အတွက် ပျော်ရွှင်ခြင်းအတုဖြစ်တဲ့ ဂိမ်းနောက်လိုက်ပြီး အသက်ရှင်ခဲ့တယ်ဆိုတဲ့ အရာကို နားလည်သ‌ဘောပေါက်နိုင်ခဲ့ပါတယ်။ အခုကတော့ ဂိမ်းထဲမှ လွှတ်မြောက်ပြီး ဒီပျော်ရွှင်ခြင်းကို ဘေးပတ်ဝန်ကျင်က လူတွေကိုလည်း ဝေငှပေးချင်ပါတယ်။

-ထူးရှမ်း ( ရန်ကုန် )

Camp တွင် ပါဝင်ပြီး ကျွန်မ အကြံအစည်အတိုင်း အသက်ရှင်ခဲ့တဲ့ ပုံစံကို မြင်တွေ့ခဲ့ပါတယ်။ အရင်ကတော့ ကျမ်းစာကို ဖတ်ချင်ရင်ဖတ်ပြီး မဖတ်ချင်ရင် မဖတ်ဘဲ အသက်ရှင်ခဲ့ပေမဲ့ အဲဒီအရာက စာတန်ရဲ့ စိတ်ဖြစ်ပြီး အဲဒီစိတ်ကို ဘယ်လို ထုတ်လိုက်ရမလဲ၊ ဘယ်လိုမျိုး စိတ်ကို ပြောင်းလဲနိုင်သလဲဆိုတဲ့ အကြောင်းကို သင်ယူခဲ့ပါတယ်။ နောက်တွင်လည်း ဒီလိုမျိုး Camp မှာ ဆက်လက် ပါဝင်နိုင်ဖို့ မျှော်လင့်ပါတယ်။ -မိုင်းရူသ (ပြည်)

Volunteer Camp မှာ Training ကို လက်ခံပြီး Youth Camp မှာ ပါဝင်ခဲ့ပါတယ်။ အရမ်းကို သဘောကျခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းဆိုတဲ့ အရာက သူတစ်ပါးကို အစေခံပြီး ကိုယ့်အတွက် အသက်မရှင်တဲ့လူကို ပြောတာဖြစ်တယ်။ လှပတဲ့ပန်းမှာ ပွင့်ဖတ်ပဲရှိတာမဟုတ် ပွင့်ချပ်နှင့် ပင်စည်ကဲ့သို့ ပွင့်ဖတ်ရဲ့ လှပမှုကို ပေါ်ထွက်လာစေသလိုပဲ ဒီတစ်ခေါက် လူငယ် Camp မှာလည်း အခြားသူတွေကို ပန်းကဲ့သို့ ပွင့်လန်းအောင် ပြုလုပ်ပေးနိုင်ခဲ့လို့ အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။ -မာဂရက် (မန္တလေး)

နောက်ဆုံးနေ့တွင် ပါဝင်တက်ရောက်သူများသည် မိမိရရှိခဲ့သည့် ပျော်ရွှင်မှုများကို လက်ဆင့်ကမ်းရန် မျှော်လင့်ချက်ပြည့်ဝသောစိတ်နဲ့  အိမ်ပြန်သွားခဲ့ကြပါသည်။ မြန်မာလူငယ်များသည် စိတ်မှောင်မိုက်ခြင်းမှ အလင်းရရှိခဲ့ပြီး စွဲလမ်းခြင်းများထဲမှ လွှတ်မြောက်ကာ မျှော်လင့်ချက်များ ရှာဖွေတွေ့ရှိကြသောကြောင့် ပျော်ရွှင်ခြင်း၊ ချစ်ခြင်း ခံစားခဲ့ကြပါသည်။ ယခုအကြိမ်ပြုလုပ်ခဲ့သော Volunteer Camp နှင့် Youth Camp သည် မြန်မာနိုင်ငံ၏ ပြောင်းလဲခြင်း လှိုင်းလုံးများကို ဆောင်ကြဉ်းပေးမည်အကြောင်း တွေးကြည့်မိသည့်အခါ မျှော်လင့်ချက်များ ပြည့်ဝလာခဲ့ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ