May 20, 2024

အထောက်အမများစွာတို့ရဲ့ စိတ်နှလုံးသားကို ပြောင်းလဲစေခဲ့တဲ့ Women Workshop

အိမ်ထောင်မိသားစုတစ်ခု၏ မရှိမဖြစ်အရေးပါသော အိမ်ထောင်ရှင်အမျိုးသမီးများအတွက်  ဇွန်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်ရုံးချုပ်တွင် Women Workshop ပြုလုပ်ခဲ့ပါသည်။ ဘုရားသခင်ကျွန် ဆရာကြီး Ock Soo Park ၏ ပဋိညာဥ်တရားအတိုင်း အသင်းတော် အပါး ( ၃၀၀ ) ဖြစ်လာဖို့  အတွက် အမျိုးသမီးများသည် အသင်းတော်၏ မဏ္ကိုင် တစ်ရပ်ဖြစ်ပါသည်။ သို့သော်လည်း အမျိုးသမီးများသည် ရောဂါ‌‌‌‌‌‌‌ဝေဒနာ၊ မိသားစု အခြေအနေ၊ စီးပွားရေးပြဿနာ များနဲ့ ရင်ဆိုင်ရသောအခါ ယုံကြည်ခြင်းအားဖြင့် ခြေလှမ်းလှမ်းခြင်းမဟုတ်ဘဲ၊ စာတန်၏ ဖမ်းချုပ်ခြင်းခံနေရသောကြောင့် အခြေအနေကို ကျော်လွန်ပြီး နှုတ်ကပတ်တော်အားဖြင့် ယုံကြည်ခြင်း ခြေလှမ်းလှမ်းဖို့ရန် Woman Workshop ကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။ ရန်ကုန်မြို့ တွင် နေထိုင်သော အမျိုးသမီး (၉၅) ဦး နှင့် နယ်အသီးသီးမှ ရောက်ရှိလာသော အမျိုးသမီးများ  စုစုပေါင်း (၁၇၄) ဦး Workshop တွင် Training လာရောက် ခံယူခဲ့ကြပါသည်။

Women Workshop ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး ပွဲတာဝန်ခံ ဆရာမအယ်ခူဖောက  “Corona စဖြစ်ကတည်းက အသင်းတော်ရဲ့ ၀တ်ပြုခြင်းအစီစဥ်တွေအားလုံးကို Online နဲ့ပဲပြုလုပ်ခဲ့ရပါတယ်။ ၂ နှစ် အတောအတွင်း Offline အားဖြင့် မဆုံတွေ့ ရတဲ့အချိန်မှာ အသင်းတော် Brother, Sister တွေအားလုံးရဲ့ စိတ်က အသင်းတော်နဲ့ ‌‌‌ဝေးကွာလာပြီး တဖြည်းဖြည်းနဲ့ စာတန်ရဲ့ ဖမ်းချုပ်ခြင်းခံခဲ့ရပါတယ်။ ဘုရားသခင်ကျွန် ဆရာကြီး Rev. Kim Jong Ho ရောက်လာြခင်းအားဖြင့် ဒီအ‌ခြေအနေတွေနဲ့မဆိုင်ဘဲ၊ အခက်ခဲပဲကြည့်တာ မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ခြေလှမ်းလှမ်းကြရအောင်၊ တောင်ရိုးပေါ်ကို မျှော်ကြည့်ပြီး Offline အားဖြင့် Camp တွေ Workshop ပြုလုပ်ကြရအောင်လို့ လမ်းပြပေးတဲ့အချိန်မှာ စိတ်နှလုံးသားထဲမှာ မျှော်လင့်ခြင်းတွေ ပြည့်၀လာခဲ့ပြီး ဒီတစ်ခေါက်မှာလည်း အမျိုးသမီးတွေအတွက် Woman Workshop ပြုလုပ်ခွင့်ရရှိခဲ့ပါတယ်။” ဟု သက်သေခံခဲ့ပါသည်။

ဇွန်လ ၁၉ ရက် တနင်္ဂနွေနေ့ ညနေပိုင်း ၆ နာရီ ခွဲမှ စတင်ပြီး ည ၉ နာရီ ထိ Women Workshop ဖွင့်ပွဲ အစီအစဉ်ကို ပြုလုပ်ကျင်းပခဲ့ပါသည်။ အစီအစဉ်တွင် Azalea Star အကအဖွဲ့၏ ကပြဖျော်ဖြေခြင်း  Joy Band အဖွဲ့ နှင့်အတူ နိုင်ငံကျော်တေးသံရှင် လားဒင့်ထားရီ ၊ တေးသံရှင် မချိုလေးလုံ ၊ Jindallae Violin Trio ၊ Jindallae Women Quartet ၊ Men Trio တို့ ၏ ဂုဏ်တော်သီဆိုဖျော်ဖြေခြင်း Jindallae Choir မှလည်း  Africa သံစုံသီချင်းအားဖြင့် ပျော်ရွှင်မြူးကြွစွာ သီဆိုမှုများပြီးနောက် ဆရာကြီးမှ  တရားဒေသနာတော် ဝေငှခဲ့ပါသည်။

ဆရာကြီး Kim Jong Ho သည် ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၂ ထဲရှိ ဣသရေလလူမျိုးများ၏ ယုံကြည်ခြင်းဘ၀အသက်တာကို အခြေခံပြီး နှုတ်ကပတ်တော်ဟောကြားရာတွင် “မောရှေက ပညတ်တော် (၁၀) ပါးယူပြီး ပြန်လာတဲ့အချိန်မှာ ဣသရေလလူတွေက ရွှေနွားသူငယ်ရုပ်တုကို ကိုးကွယ်နေပါတယ်။ နွားသူငယ်ရုပ်တုကို ကိုးကွယ်နေပေမယ့် ဣသရေလလူတွေရဲ့ စိတ်ထဲမှာ ဘုရားသခင်ကို ကိုးကွယ်နေတယ်လို့ပဲ ထင်နေပါတယ်။ ဒီလိုပဲ အသင်းတော်က အမျိုးသမီးတွေလည်း ဘုရားကျောင်းလာပြီး ယုံကြည်ခြင်းအသက်တာ ကောင်းကောင်းအသက်ရှင်နေတယ်လို့ပဲ ထင်နေကြပါပေမယ့် တကယ်တမ်းကျတော့ ကိုယ့်အကြံအစည်ရုပ်တုကို ကိုးကွယ်နေကြတယ်ဆိုတာ မသိကြဘူးဖြစ်နေပါတယ်” ဟု ဆုံးမပေးခဲ့ပါသည်။

ဘုရားသခင်ကျွန်ဆုံးမခြင်းခံရပြီးနောက်တွင် အမျိုးသမီးများ နောင်တရပြီး စိတ်ပြောင်းလဲကာ စာတန်ဖမ်းချုပ်ခြင်းခံနေရတဲ့ဘ၀ကနေ လွတ်မြောက်ခွင့်ရရှိပြီဖြစ်ကြောင်း အလုအယက် သက်သေခံကြပါသည်။ စိတ်ပြောင်းလဲခွင့်ရပြီးနောက် Workshop အစီအစဥ်တလျှောက်တွင်ပြုလုပ်သည့် Academy Class များ၊ Game အစီအစဉ်များ၊ Photo Contest များတွင်  ဝမ်းမြောက်ပျော်ရွှင်စွာ အစီအစဉ်တိုင်းတွင် တက်တက်ကြွကြွပါဝင်ခဲ့ကြပါသည်။

အကယ်ဒမီ တက်ရောက်နေကြစဥ်

­

Book Study, Discussion & Presentation အစီအစဉ်များတွင်လည်း ဆရာကြီး Ock Soo Park ရေးသားသည့် ရွေးချယ်ခြင်းစာအုပ် အခန်း (၂) ကို လေ့လာပြီး လောတအကြောင်း၊ နောဧအကြောင်း၊ ဓားပြတိုက်ခံရသောသူအကြောင်းများအားဖြင့် စိတ်ပြောင်းလဲသောအရာကို အနိုင်အထက်လုယူဝင်စားကာ သက်သေခံကြပါသည်။ ညဘက် Group Meeting အချိန်တွင်လည်း မိမိစိတ်ထဲ၌ရှိသည့် မှောင်မိုက်ခြင်းများကို ပွင့်ပွင့်လင်းလင်းဖော်ထုတ်ပြီး Group Leader များဖြစ်သည့် Pastor, Co Pastor များ၏ လမ်းပြခြင်းကို ခံယူခဲ့ကြပါသည်။

ဇွန်လ (၂၂) ရက် ည (၆း၃၀) နာရီတွင် Women Workshop ပိတ်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ပြီး Workshop မှာ ပါဝင်တဲ့အမျိုးသမီးများမှ သီချင်းသီဆိုခြင်း၊ အက၊  ဇွမ်းဘားလေ့ကျင့်ခန်း၊ မော်ဒယ်ရှိုးပြခြင်း စသည့်  ဖျော်ဖြေတင်ဆက်မှုများအားဖြင့် အဖွဲ့လိုက် အားရပါးရပါ၀င်တင်ဆက်ခဲ့ကြရာ ပရိသတ်များအား ရယ်မောပျော်ရွှင်စရာဖြစ်အောင် တင်ဆက်ခဲ့ကြပါသည်။

နောက်ဆုံးညတွင် တင်ဆက်ပြသခဲ့ကြသော Performance များ

Women Workshop မစတင်ခင်တွင် အမျိုးသမီးများသည် “အမျိုးသားကြောင့်၊ သားသမီးကြောင့် ယုံကြည်ခြင်းအသက်တာ ကောင်းကောင်းအသက်မရှင်နိုင်ဘူး” ဟု ထင်ခဲ့ကြသော်လည်း စာတန်ဖမ်းချုပ်ခြင်းခံနေ၍သာ ယုံကြည်ခြင်းအသက်တာ ကောင်းကောင်းအသက်မရှင်နိုင်ခဲ့တဲ့အရာကို ဒီ Workshop တက်ရောက်ခြင်းအားဖြင့် သဘောပေါက်ခဲ့ကြပါသည်။ ဒီအရာကို အခြေခံပြီး Group Leader အမှုတော်ဆောင်ဆရာ၊ ဆရာမများမှ “စာတန်ဖမ်းချုပ်ခြင်းခံရတဲ့ဘဝမှလွတ်မြောက်ခြင်း” ခေါင်းစဉ်အားဖြင့် ပြဇာတ်ကို ပြသခဲ့ရာ အမျိုးသမီးအားလုံး မိမိပုံစံကိုပြန်လည်မြင်တွေ့ရပြီး သဘောကျနှစ်ခြိုက်စွာ အားပေးခဲ့ကြပါသည်။

မချိုလေးလုံ

မင်္ဂလာပါ ကျွန်မဒီ Women Workshop ပါဝင်တဲ့အချိန်မှာ ကိုယ့်စိတ်နဲ့ဆို မလာချင်ပါဘူး။ ဒါပေမယ့် အမျိုးသားက လာစေချင်တယ်။ ဒါကြောင့်မို့လို့ လာခဲ့ပါတယ်။ ဒီ Workshop မှာ လာတယ်ဆိုပေမယ့် အမျိုးသားအပေါ်မှာ အမျိုးသားက ကယ်တင်ခြင်း နောက်မှရတယ်ဆိုတော့ သူကပိုပြီးနားထောင်ရမယ်လို့ စိတ်ထဲမှာ ခံစားရပါတယ်။ ဒါပေမယ့် ဒီရောက်တဲ့အချိန်မှာ ဆရာကြီးက ကိုယ့်ရဲ့ ပုံစံကို တိတိကျကျ ဖော်ပြပေးတယ်။ ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၂ ထဲမှာ ဣသရေလလူမျိုးတွေက ရွှေနွားရုပ်ကို ကိုးကွယ်ခဲ့ကြတယ်။ ဘုရားသခင်ကို အစေခံမယ်၊ ဘုရားသခင်ကို ကိုးကွယ်မယ်၊ ဘုရားသခင်ကို ဆက်ကပ်မယ်ဆိုပေမယ့် ရွှေနွားသူငယ်ကို ကိုးကွယ်ခြင်းအားဖြင့်  ဘုရားသခင်ကို ‌ဒေါသအမျက်ထွက်စေတဲ့ အရာပဲရှိပါတယ်။ ဒီလိုကြားခွင့်ရတဲ့အချိန်မှာ ကျွန်မဆိုတာလည်း ကယ်တင်ခြင်းရတာ ( ၁၂ ) နှစ်ကျော်ခဲ့ပါပြီ ။ ( ၁၂ ) လုံးလုံး အသင်းတော်နောက်လိုက်ခဲ့တယ်။ ဧဝံဂေလိတရားထဲမှာ အစေခံနေပေမယ့် ကိုယ့်ရဲ့ အကြံအစည် ကိုယ့်ရဲ့စတိုင် ကိုယ့်ရဲ့ ဉာဏ်နီ၊ ဉာဏ်နက်တွေနဲ့ပဲ ကိုယ်အဆင်ပြေရင်လိုက်တယ်။ ကိုယ်အဆင်မပြေရင် မလိုက်တဲ့အရာ ရှိနေတဲ့အရာကို သတိရတဲ့အချိန်မှာ  ကျွန်မဆိုတာ ဘုရာသခင်ကို တကယ်ကိုးကွယ်နေတာ မဟုတ်ဘူး။ ( ၁၂ ) လုံးလုံး ရွှေနွားရုပ်ဖြစ်တဲ့ ရုပ်ထုကို ကိုးကွယ်နေတဲ့ ကိုယ့်ရဲ့ပုံစံကို ဘုရားသခင်ကျွန်က ဖော်ပြပေးတဲ့အချိန်မှာ အရမ်းလန့်သွားခဲ့ပါတယ်။

ပထမတော့ အမျိုးသားက နှုတ်ကပတ်တော်နဲ့ပတ်သတ်ပြီး ပိုသိရမယ်ဆိုတဲ့ စိတ်ပဲရှိခဲ့ပါတယ်။ ( ၁၂ ) လုံးလုံးနှုတ်ကပတ်တော်ကို သေသေချာချာ ဂဃဏန တိတိကျကျ မသိခဲ့ဘဲ မှားယွင်းစွာ အသက်ရှင်ခဲ့တဲ့ အရာကို သိခွင့်ရခဲ့တယ်။ ကျွန်မရဲ့ အမျိုးသားက ကောင်းကောင်းမွန်မွန် ရှာကျွေးနေပေမယ့် ဒီအရာပေါ်မှာလည်း ကျေးဇူးတင်တဲ့စိတ်မရှိဘူး။ အမြဲတမ်း ကိုယ်ကပဲ သူ့ထက်တော်တယ်။ အမျိုးသားပေါ်မှာပဲ ဆရာကြီးလုပ်ခဲ့ပါတယ်။ ဒီအရာတွက်လည်း အမျိုးသားအပေါ် အရမ်းအားနာမိတယ်။ ပြီးတော့ အခုချိန်မှာ အသင်းတော်ကို ကျေးဇူးတင်တယ်။ ကိုယ့်ရဲ့စိတ်ကို တိတိကျကျ ဖော်ပြပေးတဲ့ ဘုရားသခင်ကျွန်ကိုလည်း ကျေးဇူးတင်တယ်။ Workshop အစီအစဉ် လုပ်ပေးတဲ့ အသင်းတော်ကိုလည်း ကျေးဇူးတင်တယ်။  အမျိုးသားကိုလည်း ဒီကနေပြီး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

ဒေါ်လုစံ

ကျွန်မအမျိုးသားကအရက်သောက်ခဲ့ပါတယ်။ ဒီအရက်သောက်တဲ့အခါမှာ ကျွန်မနဲ့ စိတ်အဆင်မပြေခဲ့ကြဘူး။ ကျွန်မကဒီ Work Shop တက်ခြင်းအားဖြင့် ဆရာကြီးလမ်းပြတဲ့အရာက အမျိုးသားက အရက်မူးလို့ ကဲ့ရဲ့အပြစ်တင်ပြီး မိသားစုထဲမှာ အမြဲတမ်းရန်ဖြစ်နေရမှာမဟုတ်ဘူး။ ကျွန်မတို့ရဲ့  စစ်မှန်တဲ့အမျိုးသားဆိုတာ ဘုရားသခင်ဖြစ်တယ်။ ဟေရှာယ ၅၄း၅ “သင့်ကို ဖန်ဆင်းသောသူသည် သင်၏လင်ဖြစ်တော်မူ၏” ဆိုတဲ့ နှုတ်ကပတ်တော် ကြားခြင်းအားဖြင့် ကျွန်မရဲ့စိတ်ပြောင်းလဲခွင့်ရပြီတော့ အခုဆိုရင်  ကျွန်မရဲ့လင်က ဘုရားသခင်ဖြစ်တယ်ဆိုတာကို သိရှိခွင့်ရခဲ့ပါတယ်။ ဒီအမျိုးသားက ဘယ်လိုအခြေအနေပုံစံမျိုးဖြစ်နေပါစေ။ ကျွန်မထဲမှာရှိတဲ့ဘုရားသခင်နဲ့ မိတ်ဆက်ပေးမယ်ဆိုရင် ကျွန်မအမျိုးသားရဲ့ဘဝ၊ ကျွန်မတို့ရဲ့မိသားစုဘဝ အားလုံးလှပလာမယ်လို့ မျှော်လင့်ပါတယ်။ ကမ္ဘာအကောင်းဆုံး၊ အပျော်ရွင်ဆုံးမိသာစုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဆရာကြီးရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းလည်း ကျွန်မတို့မိသာစုအားဖြင့် အသင်းတော် အပါး ၃၀၀ ထဲမှာလည်း ပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ယခုတစ်ခေါက်ပြုလုပ်သည့် Women Workshop သည် ကျေးဇူးတော်ပြည့်ဝပြီး အိမ်ထောင်စု၏ အထောက်အမများဖြစ်သည့် အမျိုးသမီးများအားလုံး၏စိတ်ကို ပြောင်းလဲစေခဲ့ပါသည်။ သူတို့၏ ပြောင်းလဲခြင်းအားဖြင့် မိသားစု၊ ပတ်ဝန်းကျင်၊ အသင်းတော်တွင်လည်း ပြောင်းလဲမှုများစွာကို မြင်တွေ့ရမည်ဖြစ်ပြီး ဧဝံ‌ဂေလိတရားအတွက် ဆထက်ထမ်းပိုးပါဝင်ဆက်ကပ်ကြဖို့ရန် မျှော်လင့်ခြင်းများစွာ ဖြစ်ပေါ်ခဲ့ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ