May 9, 2024

“Let’s Go Back To The Bible” ခေါင်းစဉ်အားဖြင့် ပြုလုပ်သော ဒုတိယအကြိမ်မြောက် CLF အစီအစဥ်

မြန်မာခရစ်ယာန်ခေါင်းဆောင်များမိဿဟာယ (CLF) အစီအစဉ်ကို Let’s Go Back To The Bible (သမ္မာကျမ်းစာဆီသို့ ပြန်သွားကြရအောင်) ခေါင်းစဉ်အားဖြင့် ပြီးခဲ့သော ဇွန် (၂၄) ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်ရုံးချုပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ထိပ်တန်းခရစ်ယာန်ခေါင်းဆောင်များအပါအဝင် အလွှာအသီးသီးမှ ခရစ်ယာန်ခေါင်းဆောင်ပေါင်း (၃၀၀) ကျော် တက်ရောက်ခဲ့ပါသည်။ ယခုအကြိမ်ပြုလုပ်သော CLF သည်  ကိုရိုနာကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း Offline အားဖြင့် ဒုတိယအကြိမ်မြောက်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သော မေ (၂၁) ရက်နေ့တွင် “ဆက်ဆက်မှီ၍ အလုံးစုံတို့ကိုရပြန်မည်” (Recover) ခေါင်းစဉ်အားဖြင့် ကျင်းပခဲ့ပါသည်။

အစီအစဉ်ကို ဒေသစံတော်ချိန် နံနက် (၁၀း၀၀) နာရီတွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံအင်္ဂလီကန်အသင်းတော်၏ အထွေထွေအတွင်းရေးမှူး Bishop Alan Kyaw Myo Naing မှ အစီအစဉ်ကို အပ်နှံဆုတောင်းပေးခဲ့ကာ၊ ဂုဏ်ပြုအမှာစကားကို  မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် သက်တန်းအရှည်ဆုံး ခရစ်ယာန်အသင်းချုပ်တစ်ခုဖြစ်သည့် Myanmar Council of Churchs (MCC) ၏ ဒုဥက္ကဌ Bishop Myat San ၊ အမှုတော်ဆောင်များစွာကို ဘာသာရေးဆိုင်ရာပါရဂူဘွဲ့ချီးမြှင့်ခဲ့သည့် Reaching the World Bible Seminary ၏ ကျောင်းအုပ်ကြီး Rev. Dr. Ca Hngak တို့က ပြောကြားပေးခဲ့ပါသည်။

 CLF မိတ်ဆက် ဗီဒီယိုကို (၅) မိနစ်ကြာပြသခဲ့ရာ ဆရာကြီး Rev. Dr. Ock Soo Park ဦးဆောင်ပြီး ကမ္ဘာ့ခရစ်ယာန်‌ခေါင်းဆောင်များအကြား စစ်မှန်သောဧဝံဂေလိတရားပျံ့နှံစေရန် စွမ်းစွမ်းတမံလုပ်ဆောင်နေမှု၊ CLF အစီအစဉ်မှာ ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန်ခေါင်းဆောင်ပေါင်း (၈) သိန်းကျော်၊ အာရှမှ ခရစ်ယာန်ခေါင်းဆောင်ပေါင်း နှစ်သိန်းကျော် မိဿယဖွဲ့နေမှုတို့ကို မျက်ဝါးထင်ထင်မြင်တွေ့ပြီး ကမ္ဘာ့ခရစ်ယာန်လောကတွင် CLF ရဲ့အခန်းကဏ္ဍမှာ အကြီးမားဆုံးဖြစ်နေပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြပါသည်။ ဆက်လက်ပြီး ဆရာကြီး Rev. Dr. Ock Soo Park ၏ တောင်အမေရိကခရီးစဉ်သတင်းဗီဒီယိုကို (၅) မိနစ်ကြာပြသခဲ့ရာမှာလည်း ဘရာဇီးလ်နိုင်ငံ (၃၈) ဦးမြောက်သမ္မတ Jair Bolsonaro အား ဧဝံ‌ဂေလိဟောပြောမှုကို တွေ့မြင်ခဲ့ပြီး နိုင်ငံတကာသမ္မတများကို အနိုင်အထက်လုယူဝင်စားကာ ဧဝံဂေလိဟောပြောပေးနေသည့် ဆရာကြီး Rev. Dr. Ock Soo Park ကို ကျေးဇူးတင်သည့်စိတ်တွေ ဖြစ်ပေါ်လာခဲ့ကြပါသည်။

Performance တင်ဆင်မှုများအဖြစ် Azalea Star အကအဖွဲ့မှ နိုင်ငံတကာရိုးရာအကများနဲ့ လှပသေသပ်စွာ ကပြဖျော်ဖြေခဲ့သလို၊ အရှေ့တောင်အာရှ၏ အကောင်းဆုံး Choir ဖြစ်သည့် Jindallae Choir ကလည်း ဓမ္မသီချင်းများကို မြိုင်မြိုင်ဆိုင်ဆိုင်သီဆိုချီးမွမ်းပြီး တက်ရောက်လာသူတွေ၏ စိတ်ကို နူးညွတ်စေခဲ့ပါသည်။

CLF အစီအစဉ်၏ Main Speaker ဖြစ်သည့် မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်ရဲ့ သာသနာပြုဆရာကြီး Rev. Kim Jong Ho နှုတ်ကပတ်တော်ဟောကြားရာမှာ “ပညတ်တရားစောင့်ထိန်းတာက ဘုရားသခင်ရှေ့မှာ အပြစ်ပိုကြီးပါတယ်။ ပညတ်တရားပေးတဲ့အရာက အပြစ်ရှိကြောင်းထင်ရှားစေချင်လိုပဲ ဖြစ်ပါတယ်။ ဟေဗြဲ (၁၀း ၁၆-၁၇) ဖတ်ကြည့်မယ်ဆိုရင် ဘုရားသခင်က ပညတ်တရားနဲ့သက်ဆိုင်တဲ့ ပဋိညာဉ်တရားဟောင်းကိုပယ်ပြီး ယခုကာလမှာ ကျေးဇူးတရားနဲ့ဆိုင်တဲ့ ပဋိညာဉ်တရားသစ်ကို မိတ်ဆွေတို့ စိတ်နှလုံးထဲမှာ ရေးသားထားပြီးပါပြီ။ ကျွန်တော်တို့လွန်ကျူးခြင်း၊ ပြစ်မှားခြင်းတို့ကိုလည်း မအောက်မေ့တော့ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့က ယေရှုခရစ်အသွေးတော်အားဖြင့် ကျေးဇူးတော်ကြောင့်သာ ထာဝရ ဖြောင့်မတ်စုံလင်သူဖြစ်ခွင့်ရခဲ့ပါတယ်” ဟု ဟောကြားခဲ့ပါသည်။

နှုတ်ကပတ်တော် ဟောကြားပြီးနောက်မှာ တက်ရောက်လာသော ခရစ်ယာန်ခေါင်းဆောင်များ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက်  အင်တာဗျူးအစီအစဉ်အားဖြင့် Feedback တောင်းခံခဲ့ရာ CLF အစီအစဉ်၏ အခင်းအကျင်း၊ တင်ဆက်ပုံ၊ Performance အစီစဥ်များ အားလုံးပြီးပြည့်စုံပြီး အားရနှစ်သက်ကြောင်း၊ ဆရာကြီး Rev. Kim Jong Ho ၏ နှုတ်ကပတ်တော်အားဖြင့် အပြစ်လွတ်ခြင်းလက်ခံရရှိကြောင်း၊ CLF ထံမှ သင်ယူ‌ရမည့်အရာ များစွာရှိကြောင်း၊ CLF မှာ မြန်မာခရစ်ယာန်ခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဧဝံဂေလိတရားပိုမို များပြားထွန်းကားလာနိုင်ကြောင်း မှတ်ချက်ပြု ပြောကြားခဲ့ကြပါသည်။

Bishop Alan Kyaw Myo Naing

ကျွန်တော်ကတော့ သာသနာပိုင်ကြီး Bishop Alan Kyaw Myo Naing ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော် အင်္ဂလီကန် သာသနာပိုင်ချုပ်ရုံးမှာ အထွေထွေအတွင်းရေးမှူးအနေနဲ့ အလုပ်လုပ်ပါတယ်။ ယခုဒီအစီစဉ်မှာ ပထမဦးဆုံးအနေနဲ့ ပါဝင်ခြင်းဖြစ်ပြီး ဘုရားသခင်ရဲ့ အမှုတော်မြတ်ကိုလည်း ကောင်းမွန်စွာ ထမ်းဆောင်ခွင့်ရတဲ့ အမှုတော်ဆောင်တွေကို တွေ့ရတဲ့အတွက် ဘုရားသခင်ရဲ့ ဂုဏ်တော်ကို ချီးမွမ်းတယ်။ အထူးသဖြင့် နိုင်ငံတကာမှ ခေါင်းဆောင်များကို အကောင်းဆုံး ဧဝံဂေလိတရားကို ဝေငှပေးတဲ့ ဆရာကြီး Rev. Ock Soo Park ကို ကျေးဇူးတင်ပါတယ်။ ဒီ CLF အစီအစဉ်မှာ ဟောကြားပေးတဲ့ ဆရာကြီး Rev. Kim Jong Ho ရဲ့တရားဒေသနာလည်း အင်မတန်မှ ခွန်အားရပါတယ်။ CLF ရဲ့ Performance အစီစဉ်က စနစ်တကျရှိပြီး နှုတ်ကပတ်တော်ဆီကို ပြန်သွားကြမယ် ”Let Go to The Bible“ ဆိုတာက တကယ်ကိုပဲ Inspire ဖြစ်တဲ့ ထိတွေ့မှုဖြစ်စေတဲ့ စကားလုံးတစ်လုံးဖြစ်တယ်။ ခွန်အားရတဲ့ အဓိကအချက်ကတော့ နှုတ်ကပတ်တော်ဆီ ပြန်သွားဖို့ပေါ့။ နှုတ်ကပတ်တော်အားဖြင့် လူတွေရဲ့ အသက်တာကို ပြောင်းလဲတယ်။ နောက်ဆုံးဆရာကြီး ပြောသွားတဲ့အရာက သူ့ရဲ့အသက်တာနဲ့ ပြောင်းလဲခြင်းကို ဖော်ပြတဲ့အခါမှာ အင်မတန်မှ အရေးကြီးဆုံးအရာ ကတော့ ယေရှုခရစ်တော်ပါ။ ယေရှုခရစ်တော်ဟာ လူသားတွေရဲ့ အသက်တာကိုပြောင်းလဲပေးတယ်။ ပြောင်းလဲခြင်းအားဖြင့် ထာဝရကယ်တင်ခြင်းနဲ့ ထာဝရအသက်ကို ရရှိနိုင်တယ်ဆိုတဲ့အရာကတော့ တကယ်ကိုပဲ ထိတွေ့ရတဲ့ တရားဟောချက်တွေ ဖြစ်ပါတယ်။  CLF ရဲ့အနာဂတ်ဟာလည်း ဘုရားသခင်သာ၍ အသုံးပြုပြီးတော့မှ ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားပြီးတော့မှ ဤ CLF အစီစဉ်အားဖြင့် မြန်မာပြည်တစ်ခုလုံး နှုတ်ကပတ်တော်ကို သိကျွမ်းသော အမှုအရာကြီးဖြစ်လာပါစေ။ သာသနာ့ခေါင်းဆောင်များလည်းပဲ နှုတ်ကပတ်တော်ကို သိကျွမ်းသော အမှုတော်ဆောင်များ သတင်းကောင်းဝေငှတဲ့ အမှုတော်ဆောင်များဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Bishop မြတ်ဆန်း

ကျွန်တော်နာမည်  Bishop မြတ်ဆန်းဖြစ်ပါတယ်။ မက်သဒစ်အသင်းတော် အောက်မြန်မာပြည်ရဲ့ Bishop ဖြစ်ပါတယ်။ မြန်မာနိူင်ငံ ခရစ်ယာန်အသင်းတော်များ ကောင်စီရဲ့  ဒုတိယ ဥက္ကဌ တစ်ပါးလည်း ဖြစ်ပါတယ်။ မြန်မာနိူင်ငံ သမ္မာကျမ်းစာ အသင်းကြီးရဲ့  ဒုတိယ ဥက္ကဌ တစ်ပါးလည်း ဖြစ်ပါတယ်။ ထူးထူးခြားခြား ကျွန်တော်မှတ်သားမိတာက တစ်ပတ်အတွင်းမှာ သမ္မာကျမ်းစာ ပြီးမြောက်အောင်ဖတ်ခြင်းဆိုတာတော့ ကျွန်တော်တော်တော်သဘောကျပြီးတော့မှ မှတ်သားပြီး ကျွန်တော်ပြန်လည်ကျင့်သုံးဖို့ စဥ်းစားမိတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့က သမ္မာကျမ်းစာကို တစ်နှစ်တစ်ခေါက်ဖတ်ဖို့ တစ်သက်လုံးဆုံးဖြတ်လာခဲ့တာ အခုတော့တစ်ပတ်နဲ့တစ်ခေါက်ပြီးမြောက်တယ်ဆိုတဲ့အရာက ပြန်လည်ပြီးတော့မှ ကျင့်သုံးသင့်တဲ့အရာတစ်ခုလို့လည်း မြင်ပါတယ်။ ဒီအတွက်လည်း ကျေးဇူးတင်ပါတယ်။ ( CLF) အစီစဥ်ကတော့ ပြုလုပ်သင့်ပါတယ်။ ကျင်းပသင့်ပါတယ်။ အားလည်းပေးပါတယ်။ ဒီလိုမျိုး အဓိကတော့ ကျွန်တော်တို့ကလည်း မျိုးစေ့ကြဲခြင်းမတူသလို တနည်းအားဖြင့် ညီအစ်ကိုချင်း မုန်းတဲ့ကိစ္စအရ‌ပ်တွေကို ကျွန်တော်က အားမပေးဘူး။ ကျွန်တော်တို့တွေက လူတွေမစားနိုင်တဲ့ ကြေခဲတဲ့ အစာတွေကိုစားရတဲ့ အချိန်တွေရှိတယ်။ လူတွေမတွေ့ချင်တဲ့လူတွေနဲ့ တွေ့ရတဲ့ အချိန်တွေလည်းရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့တွေကိုလည်း အားမနာပြောဆိုတာတွေ ဝေဖန်တာတွေ ကျွန်တော်တို့ ခံစားနေရတဲ့အချိန်မျိုးမှာ  ကျွန်တော်တို့က ဒီနေ့ ဒီလိုမျိုးတွေ့ဆုံခြင်းတွေ ဒီလိုလုပ်ကိုင်ရခြင်းတွေက  ကျွန်တော်တို့သာသနာတွေအတွက် ကျွန်တော်တို့ရပ်တည်နေရတယ်။ ကျွန်တော်တို့ရဲ့ ဝမ်းမြောက်ခြင်း၊ သတင်းကောင်းတွေအတွက်ကျွန်တော်တို့က ဘယ်လောက်ဘုရားသခင်ဘက်မှာ သစ္စာစောင့်လဲဆိုတာကို သက်သေပြုနေခြင်းတွေဖြစ်တယ်ဆိုတာကိုလည်း မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်တွေကို နားလည်စေချင်ပါတယ်။ ဒါက ကျွန်တော်ရင်တွင်းဖြစ်စကားလည်း ဖြစ်တယ်။ မျိုးကြဲစေ့တဲ့သူတွေက မျိုးကြဲစေ့ရတဲ့အခါမှာတော့ မျက်ရည်ကျတာတွေရှိမယ်။ ဒါနူတ်ကပတ်တော်အတိုင်းပဲ ၀မ်းမြောက်စွာရိတ်သိမ်းရတဲ့အချိန်နာရီကိုလည်း ဘုရားသခင်ပြင်ဆင်ပေးမယ်ဆိုတာ ယုံကြည်တယ်။ ဒါကြောင့်မို့လို့ ဝမ်းနည်းစွာမျိုးစေ့ကြဲရတဲ့အချိန်တွေမှာ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် တစ်တောင်နဲ့တွက်နေတာထက်စာရင် အချင်းချင်းလက်တွဲသွားတာက ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ဆိုတာကို ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ (CLF) က ဒီလိုမျိုး လက်တွဲဆောင်ရွက်ဖို့အတွက် တွန်းအားတစ်ခုဖြစ်မယ်ဆိုရင်တော့ ဘုရားသခင်လည်း ၀မ်းမြောက်မှာပါ။ ကျွန်တော်လည်းအလွန်၀မ်းမြောက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အဆုံးသတ်အစီအစဉ်အနေနဲ့ နေ့လယ်စာစားသုံးကာ မိဿဟာယဖွဲ့ခြင်း၊ စားသုံးပြီးနောက်မှာ Coffee & Fellowship အစီအစဉ်အားဖြင့် မိဿဟာယဖွဲ့ခြင်း စသည့်အစီစဥ်များပြုလုပ်ခဲ့ပြီး ခရစ်ယာန်ခေါင်းဆောင်များအကြား ရင်းနှီးချစ်ကြည်မှုကို တည်ဆောက်ခဲ့ကာ ဒေသစံတော်ချိန် မွန်းလွဲ (၁) နာရီမှာ အဆုံးသတ်ခဲ့ပါသည်။ CLF အစီစဉ်အားဖြင့် ဘာသာစကား၊ လူမျိုး၊ ဂိုဏ်းဂဏ၊ အယူဝါဒ တံတိုင်းများကို ကျော်လွန်ပြီး ဧဝံဂေလိတရားအတွက် မြန်မာခရစ်ယာန်ခေါင်းဆောင်များအတူတကွလက်တွဲလုပ်ဆောင်ခွင့် ရရှိနေပြီဖြစ်ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ