စိန်ခေါ်ခြင်းများစွာဖြင့် ပြုလုပ်ခဲ့သော Dance Festival
မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်၏ လူငယ်များဖြင့်ဖွဲစည်းထားသော Azalea Star အကအဖွဲ့မှ တင်ဆက်သော Dance Festival ကို ပြီးခဲ့သည့် ဇွန် (၂၆) ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာဂွတ်ဒ်နယူးစ်ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ရာ လူ (၅၀၀) ကျော် တက်ရောက်အားပေးခဲ့ပါသည်။
၂၀၁၄ ခုနှစ်တွင် ဆရာကြီး Ock Soo Park သည် မြန်မာအကအဖွဲ့အား Azalea Star ဟု အမည်ပေးခဲ့ပါသည်။ Azalea ပန်းသည် အလွန်ချမ်းအေးသော ဆောင်းရာသီတွင် ပွင့်သောပန်းဖြစ်ပြီး အအေးဒဏ်ကို ခံနိုင်သောပန်း၊ အခြားပန်းများမပွင့်နိုင်ချိန်တွင် ပွင့်သောပန်းဖြစ်ကြောင်းသိရသည်။ မြန်မာအကအဖွဲ့အနေဖြင့် Azalea ပန်းကဲ့သို့ပင် အခက်အခဲများနှင့် ရင်ဆိုင်ရမည်၊ အခက်အခဲများနှင့်ကြုံတွေ့ရမည်၊ အမြဲတမ်းစိန်ခေါ်မှုများနှင့် အသက်ရှင်ရမည်ဟု ဆုံးမခဲ့ပါသည်။ ဆရာကြီး Ock Soo Park သည် Azalea ပန်းပွင့်၏အဓိပ္ပာယ်ကို မြန်မာအကအဖွဲ့၏ စိတ်နှလုံးသားထဲတွင် စိုက်ပျိုးပေးခဲ့ပါသည်။
ယခု Dance Festival ကို Azalea Star အကအဖွဲ့၏ အကတိုးတက်လာစေရန်နှင့် အကကို အသုံးပြုခြင်းအားဖြင့် ဧဝံဂေလိဟောပြောရန်ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လူသစ် (၁၀၀) ကျော် ဧဝံဂေလိတရား ကြားနာခဲ့ပါသည်။ Azalea Star အကအဖွဲ့ဝင် လူငယ်တာဝန်ခံ ဆရာကောင်းကောင်းက Dance Festival ပြုလုပ်ခြင်းနှင့်ပတ်သက်ပြီး “ဘုရားသခင်ကျွန် ဆရာကြီး Kim Jong Ho ရဲ့ ယုံကြည်ခြင်းအားဖြင့် Dance Festival ကို Offline အနေနဲ့ ပြန်လည်ကျင်းပခွင့်ရရှိလို့ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။ ပွဲအတွင်း ဘုရားသခင်က လူသစ် (၁၀၀) ကျော် ပို့ဆောင်ပေးခဲ့ပါတယ်။ ရောက်ရှိလာတဲ့ညီအစ်ကိုမောင်နှမ အယောက်စီတိုင်း ဘုရားသခင်ရဲ့ စစ်မှန်တဲ့ဧဝံဂေလိတရားနဲ့ မျှော်လင့်ခြင်းစကားကို ကြားနာခွင့်ရရှိခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ အားနည်းချက်၊ လိုအပ်ချက် အများကြီးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီအားနည်းချက်တွေကို ဆရာ၊ ဆရာမ၊ ညီအစ်ကိုမောင်နှမ အသုံးပြုခြင်းအားဖြင့် ဖော်ပြတဲ့အခါ အများကြီးသင်ယူခွင့်ရခဲ့ပါတယ်။ ဆက်လက်ပြီး Dance Festival ထပ်မံပြုလုပ်ခြင်းဖြင့် ဘုရားသခင်အလုပ်လုပ်တဲ့အရာ၊ သင်ပေးချင်တဲ့အရာကို ကြုံတွေ့ချင်ပါတယ်” ဟု သက်သေခံပြောကြားခဲ့သည်။
အစီအစဉ်ကို ဒေသစံတော်ချိန် မွန်းလွဲ (၂) နာရီတွင် စတင်ခဲ့ပြီး ရွှင်မြူးပျော်ရွှင်ဖွယ်ဖြစ်သော Yeah သီချင်းဖြင့် ပွဲဦးထွက် ကပြဖျော်ဖြေခဲ့ရာ ပရိသတ်များ အားပါးတရလက်ခုတ်တီးအားပေးခဲ့ပါသည်။ ထို့နောက် Little Stars ကလေးသူငယ်များအကအဖွဲ့က Boggie Boggie သီချင်းအကဖြင့် ချစ်စဖွယ်ကပြခဲ့ပြီး ပရိသတ်၏စိတ်ကို နူးညွတ်စေခဲ့ပြန်ပါသည်။
ယင်းနောက်တွင် IYF မိတ်ဆက်ဗီဒီယိုကို ၅ မိနစ်ကြာပြသခဲ့ပြီး ပြောင်းလဲသောစိတ်ဓာတ်၊ စိန်ခေါ်သောစိတ်ဓာတ်၊ စည်းလုံးသောစိတ်ဓာတ်ဖြင့် ဖွဲ့စည်းထားသော IYF လူငယ်အဖွဲ့အစည်းမှာ ကမ္ဘာပေါ်တွင်အကြီးမားဆုံးနှင့် အတက်ကြွဆုံး လူငယ်အဖွဲ့အစည်းဖြစ်နေပြီဖြစ်ကြောင်း မြင်တွေ့သွားခဲ့ကြပါသည်။
IYF မိတ်ဆက်ဗီဒီယိုအပြီးတွင် IYF အကယ်ဒမီ၌ တက်ရောက်နေသော လူငယ်များက Together သီချင်းအားဖြင့် တင်ဆက်ကပြခဲ့ပြီး အချိန်တိုအတွင်း လေ့ကျင့်တင်ဆက်ခြင်းဖြစ်သော်လည်း စည်းချက်ညီညီဖြင့် လှပစွာတင်ဆက်နိုင်ခဲ့ပါသည်။ ထို့နောက်တွင် Azalea Star အကအဖွဲ့က ကိုရီးယားဂန္ထဝင်အကဖြစ်သည့် Chunhyang အကဖြင့် ကပြဖျော်ဖြေခဲ့ရာ အလွန်အနုပညာမြောက်၍ ရှေးဟောင်းကိုရီးယားခေတ်ထဲသို့ ကိုယ်တိုင်ရောက်ရှိသွားသည့်အလား ခံစားခဲ့ကြပါသည်။
ထို့နောက် ကလေးအဆိုတော် နော် Starry မှ Flash Light ၊ နောဧသင်္ဘောထဲမှာ သီချင်းနှစ်ပုဒ်ဖြင့် သီဆိုချီးမွမ်းခဲ့ပြီးနောက်တွင် Azalea Star အကအဖွဲ့က မြန်မာရိုးရာ ဦးရွှေရိုးအကဖြင့် မြူးမြူးကြွကြွ ကပြဖျော်ဖြေခဲ့ရာ ပရိသတ်များက တခဲနက်အားပေးခဲ့ကြပါသည်။ Little Stars ကလေးသူငယ်များအကအဖွဲ့ကလည်း Ai L ni သီချင်းဖြင့် ထပ်မံကပြဖျော်ဖြေခဲ့သလို၊ Volinist ဂီးဂီမှလည်း Mamma Mia သီချင်းကို တီးခတ်ဖျော်ဖြေခဲ့ပါသည်။ များမကြာသေးမီကမှ အသစ်ဖွဲ့စည်းထားသော Joy Band တေးဂီတအဖွဲ့ကလည်း ယုံကြည်ရာ၊ ပျော်ပါစေသူငယ်ချင်း သီချင်းနှစ်ပုဒ် တီးခတ်ဖျော်ဖြေခဲ့ရာ ပရိသတ်များအတူအကွလိုက်ပါသီဆိုကာ အားပေးခဲ့ကြပါသည်။
Azalea Star အကအဖွဲ့မှလည်း Fate, Umoja အကများဖြင့် ခမ်းနားထည်ဝါစွာ ထပ်မံကပြဖျော်ဖြေခဲ့ပြီး ယင်းနောက်တွင် ယခုပွဲ၏ Main Speaker ဖြစ်သည့် ဆရာကြီး Rev. Kim Jong Ho မှ Mind Lecture ဟောပြောဝေငှခဲ့ပါသည်။ ဆရာကြီး Rev. Kim Jong Ho က “ကျွန်တော်က တစ်နေ့လုံးအလုပ်လုပ်ပြီး ညအိပ်ချိန်ရောက်လို့ အိမ်ပြန်တံခါးဖွင့်တဲ့အချိန်မှာ စိတ်နှလုံးသားထဲမှာ ပျော်ရွှင်ခြင်းပြည့်ဝနေပါတယ်။ ပျော်ရွှင်ခြင်းနဲ့ အိပ်စက်ပြီး နောက်တစ်နေ့နံနက်မှာ မျှော်လင့်ခြင်းပြည့်ဝစွာ နိုးထလာပါတယ်။ ဒီလိုအသက်ရှင်နိုင်တဲ့စိတ်ကမ္ဘာကို မိတ်ဆွေတို့ကို ကူးစက်စေချင်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဒုက္ခဝေဒနာတွေခံစားခဲ့ရပါတယ်။ ဒီအခြေအနေကနေ ပျော်ရွှင်ခြင်းဗိုင်းရပ်စ်အဖြစ် ပြောင်းလဲပြီး ကိုယ့်ပတ်ဝန်းကျင်အနီးအနားမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေကို ကူးစက်နိုင်တဲ့စိတ်ကမ္ဘာအားဖြင့် အသက်ရှင်ရမှာဖြစ်ပါတယ်” ဟု ဟောပြောခဲ့သည်။
Dance Festival အောင်မြင်စွာ ကျင်းပနိုင်ပြီးနောက် Azalea Star အကအဖွဲ့အနေဖြင့် တင်းတိမ်ရောင့်ရဲနေမည်မဟုတ်ဘဲ ဆက်လက်၍စိန်ခေါ်သွားမည်ဖြစ်ကြောင်း Azalea Star အကအဖွဲ့ခေါင်းဆောင် ဆရာအာကာစိုးက “ယုံကြည်ခြင်းအသက်တာက တောင်ရိုးကိုမျှော်ကြည့်ရမယ်။ အခက်အခဲကိုနှစ်သက်ရမယ်။ ကျွန်တော်တို့အကအဖွဲ့လည်း ဒီနှုတ်ကပတ်တော် စိုက်ပျိုးခြင်းခံရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အကအဖွဲလည်း ဆက်လက်ပြီး ကိုရီးယားမှာလည်း အကပြိုင်ပွဲဝင်ဖို့ရန် စိန်ခေါ်မှုတွေဖြစ်လာပါတယ်။ စက်တင်ဘာလမှာလည်း ဆရာကြီး Ock Soo Park ထိုင်းနိုင်ငံကို လာဖို့ရှိပါတယ်။ အဲဒီအတွက်လည်း မြန်မာအကအဖွဲ့တွေ ပြင်ဆင်နေပါတယ်။ ဆရာကြီး Ock Soo Park နောက်လိုက်ပြီး လူအများကြီးကို ဧဝံဂေလိဟောပြောနိုင်ဖို့လည်း ဆုတောင်းနေပါတယ်။ ဆရာကြီးပေးတဲ့ Azalea ပန်းရဲ့ အဓိပ္ပာယ်လိုပဲ ကျွန်တော်တို့အကအဖွဲ့လည်း နှုတ်ကပတ်တော်အများကြီးနားထောင်ပြီးတော့ ယုံကြည်ခြင်းနဲ့ဆက်လက်စိန်ခေါ်သွားမှာပါ” ဟု သက်သေခံခဲ့သည်။
Azalea Star အကအဖွဲ့ကိုအသုံးပြုပြီး Dance Festival ပြုလုပ်ခြင်းအားဖြင့် လူသစ် (၁၀၀) ကျော်ကို ဧဝံဂေလိဟောပြောနိုင်ခဲ့ပါသည်။ ဆက်လက်၍လည်း Azalea Star အကအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၌သာမက နိုင်ငံတကာတွင်ပါ အကအားဖြင့် ဧဝံဂေလိတရားအတွက် များစွာအစေခံသွားရန် မျှော်လင့်ခြင်းဖြစ်ပေါ်လာပါသည်။