September 16, 2024

“အဆုံး၌ ယေရှုတစ်ပါးတည်းသာ”

ရန်ကုန် Home Cell စုပေါင်းကျမ်းစာသင်တန်းကို “အဆုံး၌ ယေရှုတစ်ပါးတည်းသာ” ခေါင်းစဉ်ဖြင့် ပြီးခဲ့သည့် ဇူလိုင် (၁၄) ရက်မှ (၁၆) ရက်အတွင်း ရန်ကုန်မြို့ရှိ မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်၌ ပြုလုပ်ခဲ့ရာ လူ (၆၀၀) ကျော် တက်ရောက်ခဲ့ပါသည်။

မြန်မာသာသနာပြုဆရာကြီး Rev. Kim Jong Ho သည် တောင်ကိုရီးယားနိုင်ငံ၌ ပြုလုပ်သည့် IYF World Camp သို့ ပြီးခဲ့သည့် ဇွန် (၂၇) ရက်နေ့တွင် ထွက်ခွာသွားခဲ့ပြီး ၎င်းမရှိသည့်ချိန်အတွင်း Home Cell အစီအစဉ်ကို ပြန်လည်စတင်ရန် လမ်းပြပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် Home Cell အစီအစဉ်ကို Offline ဖြင့် ပြုလုပ်ခြင်းအား ကိုရိုနာရောဂါဖြစ်ပွားပြီးနောက်ပိုင်းတွင် (၂) နှစ်ကျော်ရပ်နားထားပြီး Online အားဖြင့်သာ ပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံသို့ သာသနာပြုဆရာကြီး Rev. Kim Jong Ho ရောက်ရှိလာသည့် ဖေဖော်ဝါရီ (၁၀) ရက် နောက်ပိုင်းတွင် “ယုံကြည်ခြင်းရှိသောသူသည် ဝန်ထုပ်ဝန်ပိုးရှိသော တောင်ကိုရွေးချယ်သည်” ဟူသော နှုတ်ကပတ်တော်အားဖြင့်စိန်ခေါ်ပြီး Offline အစီအစဉ်များစွာကို အဆက်မပြတ်ပြုလုပ်ခဲ့ပါသည်။ ရပ်နားလျက်ရှိသော Home Cell အစီအစဉ်ကိုလည်း ပြန်လည်စတင်ရန်နှင့် Home Cell ပြုလုပ်ခြင်းအားဖြင့် ညီအစ်ကိုမောင်နှမများနှင့် မိဿဟာယဖွဲ့ရန်၊ လူသစ်များကို ဧဝံဂေလိဟောပြောရန် လမ်းပြပေးခဲ့ပါသည်။

ရန်ကုန်အသင်းတော်တွင် မြို့နယ်အလိုက် Home Cell Group (၁၂) ဖွဲ့   ဖွဲ့စည်းထားပြီး ပြီးခဲ့သည့် ဇွန် (၂၈) ရက်မှ စတင်ကာ Group အလိုက် အိမ်တိုင်းစေ့ Home Cell   ပြုလုပ်ခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများမှလည်း အချိန်အတန်ကြာရပ်နားခဲ့သော Home Cell အစီအစဉ်ကို အသင်းတော်မှ ပြန်လည်ပြုလုပ်ပေးခဲ့၍ များစွာဝမ်းမြောက်ခဲ့ပြီး ၎င်းတို့၏ဆွေမျိုးမိတ်ဆွေများကိုဖိတ်ခေါ်ကာ ပါဝင်စေခဲ့ပါသည်။ သို့ဖြစ်ရာ လူသစ်များစွာကို ဧဝံဂေလိဟောပြောခွင့်ရရှိခဲ့ပြီး အားလုံးနီးပါး အပြစ်လွတ်ခြင်း လက်ခံခဲ့ပါသည်။

အိမ်တိုင်းစေ့ Home Cell ပြုလုပ်ပြီးချိန်တွင် ဘုရားသခင်ကျွန် ဆရာကြီး Rev. Kim Jong Ho လမ်းပြသည့်အတိုင်း စုပေါင်းကျမ်းစာသင်တန်းပြုခဲ့ခြင်းဖြစ်ပြီး တက်ရောက်ခဲ့သည့် လူ (၆၀၀) ကျော်တွင် လူသစ် (၁၁၁) ပါ၀င်ခဲ့ပြီး အားလုံးအပြစ်လွှတ်ခြင်း လက်ခံခဲ့ပါသည်။ Home Cell စုပေါင်းကျမ်းစာသင်တန်း၏ တာဝန်ခံ ဆရာအာကာစိုးက “‌ဆရာကြီးလမ်းပြခဲ့တာက အောင်မြင်တဲ့သူ၊ ကောင်းကြီးမင်္ဂလာလက်ခံရရှိသူဆိုတာ တစ်ခုခုကြိုးစားလုပ်ပြီး ရတာမဟုတ်ဘူး။ စကားတစ်ခွန်းပဲ နားထောင်ရင်ရတယ်။ ဒီစကားက ဘယ်သူ့စကားဖြစ်ရမလဲဆိုရင် ဘုရားသခင်ကျွန်ရဲ့စကား၊ နှုတ်ကပတ်တော်စကားဖြစ်ရမယ်လို့ ပြောခဲ့ပါတယ်။ ဆရာကြီးက Home Cell လုပ်ပါလို့ပြောတဲ့အချိန်မှာ ကျွန်တော့်စိတ်ထဲမှာ မျှော်လင့်ခြင်းဖြစ်လာတဲ့အရာက လုပ်ပါလို့ပြောတဲ့သူက ဘုရားသခင်ကျွန်ဖြစ်တယ်။ ဒါကြောင့် ဒီအရာက ကျွန်တော့်အတွက်ရော၊ ညီအစ်ကိုမောင်နှမတွေအတွက်ရော ကောင်းကြီးမင်္ဂလာဖြစ်တယ်လို့ စိတ်ထဲမှာမျှော်လင့်ခြင်းဖြစ်လာခဲ့ပါတယ်။ တကယ်လည်း ဒီစကားတစ်ခွန်းနောက်လိုက်သွားကြည့်တဲ့အချိန်မှာ ညီအစ်ကိုမောင်နှမတွေက စိတ်ပြောင်းလဲပြီးတော့ အသင်းတော်နောက်လိုက်လာတာ တွေ့ရပါတယ်။ အသင်းတော်ကို စိတ်မှောင်မိုက်တဲ့သူ၊ မိသားစုစိတ်အဆင်မပြေတဲ့သူတွေက Home Cell ပြုလုပ်ခြင်းအားဖြင့် အခုဆိုရင် ပျော်ရွှင်စွာအသင်းတော်နောက် လိုက်လာတာကိုတွေ့ရပါတယ်။ ဘုရားသခင်ကျွန်ရဲ့ စကားတစ်ခွန်းနောက် လိုက်သွားကြည့်တဲ့အချိန်မှာ ဘုရားသခင်အလုပ်လုပ်တဲ့အရာကို တွေ့ရပါတယ်။ ဆက်လက်ပြီးတော့ ဆရာကြီးက Home Cell တစ်ခုကို လူအယောက် (၁၀၀) ပြည့်အောင် ဧဝံဂေလိဟောပြောပါလို့ လမ်းပြပေးပါတယ်။ ဒီစကားအားဖြင့် ကျွန်တော်တို့အသက်ရှင်သွားမှာ ဖြစ်ပါတယ်။ ဘုရားသခင်အလုပ်လုပ်သွားမယ်လို့ ယုံကြည်ပါတယ်” ဟု သက်သေခံခဲ့သည်။

Home Cell စုပေါင်းကျမ်းစာသင်တန်းကို ဇူလိုင် (၁၄) ရက်မှ စတင်ကာ နေ့စဉ် ဒေသစံတော်ချိန် နံနက် (၁၀) နာရီမှ ညနေ (၃) နာရီအထိ ပြုလုပ်ခဲ့ပြီး Joy Band အဖွဲ့နှင့်အတူ နိုင်ငံကျော်အဆိုတော် ဘရိတ်ကီ၊ ကော့မိုင်၊ ချိုလေးလုန်၊ လားဒင့်ထားရီတို့က ဂုဏ်တော်ချီးမွမ်းသီဆိုခဲ့ကြပါသည်။ အသင်းတော်၏ Azalea Stars အကအဖွဲ့ကလည်း နိုင်ငံတကာအကများကို လှပသေသပ်စွာကပြဖျော်ဖြေခဲ့ပြီး အရှေ့တောင်အာရှ၏ အကောင်းဆုံး Jindallae Choir အဖွဲ့မှ Choir Member များကလည်း Praise and Worship သီချင်းများ သံပြိုင်သီဆိုခြင်းအားဖြင့် ညီအစ်ကိုမောင်နှမများ၏စိတ်ကို နူးညွတ်စေခဲ့ပါသည်။

နှုတ်ကပတ်တော်အစီအစဉ်တွင် တောင်ငူအသင်းတော်မှ ဆရာစောစီလားနှင့် ရန်ကုန်အသင်းတော်မှ ဆရာဇာနည်လင်းတို့က Main Speaker များအဖြစ်ဟောကြားပေးခဲ့သည်။ ဆရာစောစီးလားက “သုတ္တံကျမ်း ၂၈း၂၆ ဘုရားသခင်က မိမိစိတ်နှလုံးကိုကိုးစားတဲ့သူကို လူမိုက်ဖြစ်တယ်လို့ ပြောထားပါတယ်။ ကိုယ့်ရဲ့အကြံအစည်ကို တုံ့ပြန်တဲ့အရာက ဘုရားသခင်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ်။ ရှင်ယာကုပ် ၁း၅-၈ ပုတ်သင်ညိုဆိုတာ နေရာဒေသအလိုက် အရောင်ပြောင်းလဲပြီးအသက်ရှင်လို့ ဘုရားသခင်ရှေ့မှာမစင်ကြယ်ဘူး။ မိတ်ဆွေတို့ရဲ့ယုံကြည်ခြင်းဘဝအသက်တာမှာလည်း ပုတ်သင်ညိုကဲ့သို့ ကိုယ့်ရဲ့အခက်အခဲ၊ ပြဿနာ၊ အခြေအနေပေါ်မှာမူတည်ပြီး အသက်ရှင်ရမှာမဟုတ်ဘူး။ ကိုယ့်ရဲ့အကြံအစည်အားဖြင့် အသက်ရှင်တာမဟုတ်ဘဲ စိတ်နှလုံးသားထဲမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်ခံယုံကြည်မယ်ဆိုရင် ဝမ်းမြောက်ပျော်ရွှင်ပြီး ကောင်းမင်္ဂလာပြည့်ဝစွာ အသက်ရှင်လို့ရပါတယ်။” ဟု ဟောပြောခဲ့သည်။

ဆရာဇာနည်လင်းသည်လည်း “လူဆိုတာ ကိုယ့်ကိုကိုယ် အကောင်းဆုံးနေနိုင်တယ်လို့ ခံစားပေမယ့် တကယ်တော့မနေနိုင်ပါဘူး။ လေးနက်စွာစဉ်းစားရမှာ ဖြစ်ပါတယ်။ ရှင်ယာကုပ် ၂း၂၀ ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာသို့ ဘယ်လိုမှမရောက်နိုင်ပါဘူး။ ဒါပေမယ့် ရောမ ၃း၂၃-၂၄ ထဲမှာ ယေရှုခရစ်ရဲ့အသွေးတော်အားဖြင့် အဖိုးကိုမပေးဘဲ ထာဝရစုံလင်ဖြောင့်မတ်သောသူဖြစ်သွားပြီ။” ဟု ဟောပြောခဲ့သည်။

နှုတ်ကပတ်တော်ဟောပြောပြီးနောက် မွန်းတည့် (၁၂) နာရီမှ (၁း၃၀) အတွင်းတွင် Coffee & Fellowship အစီအစဉ်ပြုလုပ်ပြီး အသင်းတော်မှ အစာပြေတည်ခင်းဧည့်ခံမှုကိုသုံးဆောင်ရင်း နှုတ်ကပတ်တော် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက်တွင် ဒုတိယပိုင်းအစီအစဉ်ကို ပြန်လည်စတင်ပြီး Joy Band အဖွဲ့၏ ဂုဏ်တော်ချီးမွမ်းခြင်း၊ Praise and Worship သီချင်းများသီဆိုခြင်းများဖြင့် ညီအစ်ကိုမောင်နှမများ၏စိတ်ကို  ရွှင်လန်းစေခဲ့ပါသည်။ ဒုတိယပိုင်းအစီအစဉ်တွင် အသင်းတော်ညီအစ်ကိုမောင်နှများကို ဆရာစောစီးလား၊ ဆရာဇာနည်လင်းတို့က ယုံကြည်ခြင်းအသက်တာအတွက် နှုတ်ကပတ်တော်ဖြင့် တိုက်တွန်းခွန်အားပေးခဲ့ပြီး လူသစ်များကို ဆရာချစ်ထိုက်သူက ဧဝံဂေလိဟောပြောခဲ့ပါသည်။

ဆရာချစ်ထိုက်သူက ဧဝံဂေလိဟောပြောရာတွင် “ကိုယ်လုပ်ရင်ကိုယ်ခံမယ် ဆိုတဲ့စိတ်ကမှားတယ်။ ကိုယ်လုပ်ခဲ့တဲ့အရာ ဘာမှမရှိဘူး။ အားလုံးက စာတန်ဖမ်းချုပ်ခြင်းခံရတာဖြစ်တယ်။ ဒါကြောင့် လူ့နည်းလမ်းအားဖြင့် အပြစ်ကိုဖြေရှင်းလို့မရပါဘူး။ ဟေရှာယ ၅၃း၆ ယေရှုခရစ်တော်က ခပ်သိမ်းသောလူသားတွေရဲ့အပြစ်အားလုံးကို သူ့အပေါ်၌တင်ခဲ့ပြီး ဆေးကြောပေးခဲ့တယ်။” ဟု ဟောပြောခဲ့ပါသည်။ ယင်းနောက်တွင် မဟာနိမ်သာသနာပြုကျောင်းသူကျောင်းသားများက လူသစ်များနှင့် တစ်ဦးချင်းဆွေးနွေးကာ ဧဝံဂေလိထပ်မံဟောကြားခဲ့ပြီး လူသစ်အားလုံး ကယ်တင်ခြင်းလက်ခံခဲ့ကြပါသည်။

မအားကိုင် ( မင်္ဂလာဒုံ Home Cell / လူဟောင်း )

Home Cell သင်တန်းကို အစပိုင်းမှာ ပါဝင်ချင်တဲ့စိတ်မရှိခဲ့ပေမယ့် ဘုရားသခင်က ပို့ဆောင်ပေးတဲ့အရာကိုခံစားရတယ်။ ဘုရားသခင်ကပို့ဆောင်ပေးတဲ့အတွက် လူသစ်တွေလည်းပါဝင်ခြင်းအားဖြင့် ကယ်တင်ခြင်းလက်ခံရရှိတာမြင်တွေ့ရပါတယ်။ ကျွန်မဆိုတာ Home Cell လုပ်တဲ့အရာကို လေးလေးနက်နက်မစဉ်းစားခဲ့ဘူး။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကယ်တင်ခြင်းရဖို့ လူတွေအများရှိနေတဲ့ အရာကိုလည်းတန်ဖိုးမထားခဲ့ဘူး။ အသင်းတော်ကနေ Home Cell ပြုလုပ်ခြင်းအားဖြင့် လူသစ်တွေထဲမှာ ခရစ်ယာန်ညီအစ်ကိုမောင်နှမသာမက ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှတွေကိုလည်း ဖိတ်ခေါ် ခြင်းဖြင့် ကယ်တင်လက်ခံတဲ့အရာမြင်တွေ့တဲ့အချိန်မှာ အင်မတန်မှ ဘုရားသခင်၊ အသင်းတော်ကို ကျေးဇူးတင်ပါတယ်။ နှုတ်ကပတ်တော်နားထောင်ခြင်းအားဖြင့်လည်း ကျွန်မတို့က ဇာတိပတိဖြစ်တဲ့ ကိုယ့်အသံထဲမှာပဲနှစ်မြုပ်သက်ရှင်နေတဲ့အရာထဲကနေလွှတ်မြောက်ပြီးတော့ ဝိညာဉ်လူအားဖြင့် အသက်ရှင်ရမယ့်အရာကို နားလည်သဘောပေါက်ခွင့်ရရှိတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

Khaw Khawm ( ချင်းပြည်နယ် တွန်းဇံမြို့  / လူသစ် )

Home Cell သင်တန်းရောက်လာခြင်းအားဖြင့် အများကြီးနားလည်သဘောပေါက်ခွင့်ရရှိခဲ့ပါတယ်။ ကျွန်မက RC အသင်းတော်မှာ ပါဝင်တာဖြစ်ပါတယ်။ အရင်ကဆိုရင်ကျွန်မက အပြစ်သား လို့ခံစားခဲ့ပါတယ်။ အပြစ်လုပ်တဲ့အတွက် အပြစ်သားကဲ့သို့ ခံစားတယ်။ ယေရှုခရစ်တော်ကားတိုင်မှာ အသေခံတာသိပေမယ့် အပြစ်မရှိတော့ဘူးဆိုတာ မယုံကြည်ဖူးဘူး။ အဖေ အမေက ယုံကြည်ကိုးကွယ်ခဲ့လို့ပဲ လိုက်ကိုးကွယ်တာဖြစ်တယ်။ အခုတော့ နားလည်သွားပါပြီ။ ယေရှုက ဘာကြောင့်အသေခံခဲ့လဲ? ထမြောက်ခဲ့လဲ? ဆိုတာသဘောပေါက်ခွင့်ရပါတယ်။ RC အသင်းတော်မှာပါဝင်ခဲ့တဲ့ အချိန်မှာဆိုရင် အာပတ်ဖြေပေမယ့် အပြစ်လုပ်တယ်၊ အပြစ်လုပ်တဲ့အတွက် ကိုယ့်အပြစ် ကိုယ်ခံရမှာပဲဆိုတဲ့အရာကို ယုံကြည်ခဲ့ပါတယ်။ ဒါမယ့်အခုကျမ်းစာသင်တန်းမှာ နှုတ်ကပတ်တော်ကြားနာ ခွင့်ရရှိခြင်းအားဖြင့် သခင်ယေရှုက‌ရွေးနှုတ်ပေးခြင်းအားဖြင့် အပြစ်မရှိတော့ဘူး။ ဖြောင့်မတ်သွားပြီ ဆိုတဲ့အရာခံစားရပါတယ်။ ၁၀၀ ရာခိုင်နှုန်း ဖြောင့်မတ်သွားပြီလို့ ယုံကြည်ပါတယ်။

ကိုဖြိုး ( မင်္ဂလာဒုံ Home Cell လူသစ် )

 Home Cell ကျမ်းစာသင်တန်းပါဝင်ခြင်းအားဖြင့် အင်မတန်မှ ပျော်ရွင်ခြင်းခံစားရတယ်။ အဲ့ဒီပျော်ရွင်ခြင်းဆိုတာ ပိုက်ဆံကောက်ရလို့ ချဲပေါက်လို့ ပျော်ရွင်တာမဟုတ်ဘဲ ရင်ထဲကနေလှိုက်လှိုက်လှဲလှဲပျော်တဲ့ ပျော်ရွင်ခြင်းမျိုးခံစားရတယ်။ ကျွန်တော်ဆိုတာ အရင်က နှစ်ခြင်းခရစ်ယာန်မှာ နေခဲ့ဖူးတယ်။ မိဘတွေကလည်း နှစ်ခြင်းခရစ်ယာန်ဖြစ်တယ်။ အရင်ကနားထောင်ဖူးတဲ့ နှုတ်ကပတ်တော်နဲ့မတူဘူး။ အခု Home Cell သင်တန်းမှာ နှုတ်ကပတ်တော်ကြားနာခွင့်ရခြင်းအားဖြင့် ယေရှုခရစ်တော်က လူသားတွေရဲ့ ကိုယ်တွေရဲ့ အပြစ်အားလုံးကို ယေရှုရဲ့အသွေးတော်နဲ့ ထာဝရဆေးကြောပြီးပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ဆီမှာ အပြစ်မရှိတော့ဘူးဆိုတာ သိရှိနားလည်လာပါတယ်။ ကယ်တင်ခြင်းစိတ်ချမှုကို လက်ခံခဲ့ရရှိပါတယ်။  

Home Cell စုပေါင်းကျမ်းစာသင်တန်းကို (၃) ရက်ကြာပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် (၁၇) ရက်၊ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်အပြီး မွန်းလွဲ (၂) နာရီတွင် ပိတ်ပွဲအခမ်းအနားပြုလုပ်ခဲ့ပါသည်။ ပိတ်ပွဲတွင် Home Cell Group အလိုက် Performance များဖြစ်သည့် Group Song သီဆိုခြင်း၊ အက ကခြင်း၊ တေးသရုပ်ဖော်တင်ဆက်ခြင်း၊ ပြဇာတ်တင်ဆက်ခြင်းများကို တက်ကြွစွာတင်ဆက်ပြီး ပျော်ရွှင်ဝမ်းမြောက်သောစိတ်နှင့် အစီအစဉ်ကိုရုတ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် မြို့နယ်ပေါင်း (၃၃) မြို့နယ်ရှိပြီး မြို့နယ်တိုင်းတွင် Home Cell Group ဖွဲ့နိုင်ရန်၊ Home Cell တစ်ဖွဲ့လျှင် လူ (၁၀၀) ပြည့်မီရန် အသင်းတော်မှ ရူပါရုံ ထားရှိပါသည်။ ယခု Home Cell စုပေါင်းကျမ်းစာသင်တန်းမှာ အဆိုပါရူပါရုံ၏ ပထမခြေလှမ်းဖြစ်ခဲ့ပြီး ဘုရားသခင်ကျွန်၏ ပဋိညာဉ်တရားအတိုင်း ဘုရားသခင်က အစစအရာရာမစပေးခဲ့သည်ကို ကြုံတွေ့ခဲ့ရပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ