January 15, 2025

လာရှိုးမြို့ CLF အစီအစဥ်နှင့် ရှမ်းပြည်မြောက်ပိုင်း ဧဝံဂေလိခရီးစဥ်

မြန်မာဂွတ်ဒ်နယူးစ်အသင်းတော်၏ သာသနာပြုဆရာကြီး Rev. Kim Jong Ho သည် ၂၀၂၂ ခုနှစ် ၆ လ ပိုင်း ၁၃ ရက် အင်္ဂါနေ့၊ မွန်းလွဲ  ၂ နာရီတွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး လားရှိုးမြို့သို့  ညနေ ၅ နာရီတွင် ရောက်ရှိခဲ့ပါသည်။ ညီအစ်ကို မောင်မနှများမှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုခဲ့ပြီးနောက် ညနေပိုင်း Night Bible Study တွင် ဆရာကြီးမှ ယုံကြည်ခြင်း ဘဝအသက်တာကို ဓမ္မရာဇဝင်ထဲရှိ‌ ယောရံမင်းကြီး၏ ဘဝသက်တာအားဖြင့် နှုတ်ကပတ်တော် ခွန်အားပေးခဲ့ပါသည်။

 ၂၀၂၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ ခရစ်ယာန်ခေါင်းဆောင်များ မိဿဟာယ (CLF) အစီအစဉ်ကို ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ ရှိ Golden Hill Hotel တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ခရစ်ယာန်ခေါင်းဆောင် အမှုတော်ဆောင်ဆရာ၊ ဆရာမ (၈၅) ဦး ပါဝင်တက်ရောက်ခဲ့ပြီး ( Lord God Hope Chruch Centre ) Shan Regional Evangel Bible Institute ၏ Principle Rev. Kyaw Kyaw Htwe မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

CLF အစီအစဉ်တွင် Joy Band အဖွဲ့နှင့်အတူ နိုင်ငံကျော် တေးသံရှင် လားဒင့်ထားရီ၊ ‘ဝ’ အဆိုရှင် ယိမ့်နွယ်ကပ် ၊ Jindallae Women Duet တို့မှ ဂုဏ်တော်သီဆိုချီးမွမ်းပြီးနောက် ဆရာကြီး Rev. Kim Jong Ho မှ ဓမ္မဟောင်းခေတ်တွင် ဆိတ်သူငယ်၊ သိုးသူငယ်၏ အသွေးတော်အားဖြင့် အပြစ်များကို ထပ်တလဲလဲ ယဇ်ပူဇော်၍ အပြစ်သံသရာလည်နေသည့် ဘဝအသက်တာမှ ယခုတွင်  ယေရှုခရစ်၏ အသွေးတော်အားဖြင့် ထာဝရစုံလင်ဖြောင့်မတ်သောသူဖြစ်ကြောင်း ရောမ (၃း၂၃-၂၄) အားဖြင့် အပြစ်လွှတ်ခြင်းတရားကို တိကျရှင်းလင်းစွာဟောပြောခဲ့ပါသည်။

ဇွန်လ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဆရာကြီး Rev. Kim Jong Ho သည် လားရှိုးမြို့မှ မူဆယ်အသင်းတော်သို့ သွားရောက်ခဲ့ပြီး ညနေ ၆ နာရီခွဲတွင် ညဝတ်ပြုအစီအစဉ် ပြုလုပ်ကာ ရုသဝထ္ထု အခန်းကြီး (၁) အားဖြင့် မူဆယ်အသင်းတော် ညီအစ်ကိုမောင်နှမများအား နှုတ်ကပတ်တော်ခွန်အားပေးခဲ့ပါသည်။

ဇွန်လ ၁၆ ရက်နေ့တွင် ‘’ဝမ်းမြောက်ခြင်းနဲ့ အိပ်စက်ပြီး မျှော်လင့်ခြင်းနဲ့ နိုးထစေမယ်‘’ ခေါင်းစဉ်အားဖြင့် သမ္မာကျမ်းစာလေ့လာခြင်းသင်တန်းကို မူဆယ်အသင်းတော်တွင် ပြုလုပ်ခဲ့ရာ လူသစ် (၇၈) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ Junior Azalea Stars အကဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ Joy Band အဖွဲ့နှင့်အတူ ၊ တေးသံရှင် လားဒင့်ထားရီ ၊ Jindallae Women Duet တို့မှ ဂုဏ်တော်ချီးမွမ်းပြီးနောက် ဆရာကြီးသည် ဟေဗြဲဩဝါဒစာမှ ကောင်းကင်နိုင်ငံရှိ တဲတော်အကြောင်းနှင့်ပတ်သတ်သော ယေရှုခရစ်၏အသွေးတော်အားဖြင့် ထာဝရအပြစ်လွတ်ခြင်း၊ ဖြောင့်မတ်ခြင်းတရားအကြောင်းကို ဟောပြောခဲ့ပါသည်။

ဇွန်လ ၁၇ ရက်နေ့ မနက် ၈ နာရီတွင် ဆရာကြီး Rev. Kim Jong Ho သည် မူဆယ်မြို့မှ ကွတ်ခိုင်အသင်းတော်သို့ သွားရောက်ခဲ့ပါသည်။ ကွတ်ခိုင်ညီအစ်ကိုမောင်နှမများအား   မပြည့်စုံသော အရာရှိသော်လည်း ယေရှုခရစ်တော် အတူပါရှိမည်ဆိုလျှင် ပြဿနာမရှိကြောင်း၊ ကျမ်းစာရှိ ကာနမြို့ မင်္ဂလာဆောင် အကြောင်းအရာအားဖြင့် နှုတ်ကပတ်တော် ခွန်အားပေးခဲ့ပါသည်။

ည ၆း၃၀ တွင်လည်း Bible Study ပြုလုပ်ခဲ့ပြီး ဆရာကြီးမှ ယုံကြည်ခြင်း ဘဝအသက်တာ အသက်ရှင်ရန် သမ္မာကျမ်းစာ ဖတ်ရမည် ဖြစ်ကြောင်း ၊Group Meeting ပြုလုပ်ခြင်းဖြင့် နှုတ်ကပတ်တော်ကို ဆွေးနွေး သက်သေခံခြင်းကလည်း အရေးကြီးသောအရာ ဖြစ်ကြောင်း ၊  ‌ အကောင်းဆုံးဖြစ်သော သခင်ယေရှု အတူပါရှိနေသည့်အတွက် ကွတ်ခိုင်ညီအကိုမောင်နှမများမှာ အကောင်းဆုံး ညီအကိုမောင်နှမ ဖြစ် သည့်အကြောင်း နှုတ်ကပတ်တော် ခွန်အားပေးခဲ့ပါသည်။

ထို့နောက် ဆရာကြီးသည် နမ့်ခမ်းအသင်းတော်သို့ မသွားရောက်နိုင်ခဲ့သော်လည်း လမ်းဖွင့်ပါက  နမ့်ခမ်းအသင်းတော်တွင်လည်း သင်တန်းပြုလုပ်သွားမည်ဖြစ်ကြောင်း “အခက်ခဲပြဿနာရှိပေမယ့် သခင်ယေရှုရဲ့ ခေါင်းပေါ်မှာ အားလုံးတင်ထားပြီးပြီဖြစ်တဲ့အတွက် အပြစ်လွှတ်ခြင်းလက်ခံရရှိတဲ့သူက အပျော်ရွင်ဆုံး သောသူ ဖြစ်ခွင့်ရမည်“ ဖြစ်ကြောင်း  ညီအစ်ကိုမောင်နှမများအား ခွန်အားပေးခဲ့ပါသည်။   

ထို့နောက် ဇွန်လ ၁၈ ရက် မနက် ၈ နာရီမှ ၁၀ နာရီအထိ ကွတ်ခိုင်အသင်းတော်တွင် Bible Study ဆက်လက်ပြုလုပ်ခဲ့ပါသည်။ ကွတ်ခိုင် ညီအစ်ကိုမောင်နှမများသည် ဆရာကြီးထံမှ ဆု‌တောင်းခြင်း ခံယူခဲ့ပြီးနောက် မနက် ၁၁ နာရီတွင် ဆရာကြီး Kim Jong Ho သည် ကွတ်ခိုင်မြို့မှ လားရှိုးမြို့သို့ ပြန်လည်ထွက်ခွာကာ ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ပါသည်။

Rev.ကျော်ကျော်ထွေး (Lord God Hope Church)

“ကျမ်းစာကို အခြေခံပြီး” ပြောထားလို့ တကယ်သဘောကျပါတယ်။ ဒါကြောင့် လက်မခံလို့လည်း မရဘူး။ ယေရှုခရစ်တော်ကို ယုံကြည်တဲ့အခါမှာ ကျွန်တော်က ဖြောင့်မတ်သောသူဖြစ်ခွင့်ရတဲ့အရာကို  သဘောပေါက်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်။ ဒါကြောင့် ဆက်လက်ပြီးတော့ ယုံကြည်ခြင်း အသက်တာကို ဘယ်လိုအသက်ရှင်ရမလဲဆိုတဲ့ သင်တန်းရှိရင် ဆက်လက်သင်ယူချင်ပါတယ်။ ဒီသင်တန်းမှာ ယေရှုခရစ်တော်အားဖြင့် ကျွန်တော်တို့က အပြစ်စီရင်ခြင်းမှ လုံးဝလွတ်မြောက်ပြီ။ အပြစ်မှ လုံးဝလွှတ်ကျွတ်သွားခွင့်ရလို့ တကယ်ခွန်အားရခဲ့ပါတယ်။

ဆရာကြီး Rev. Kim Jong  Ho ကိုလည်း ဆက်လက်ပြီး သင်တန်းတွေလုပ်ပါ။ ကျွန်တော်တို့လည်း သင်တန်းအတွက် အများကြီးကူညီ ပြင်ဆင်ပေးပါမယ်လို့ ဆက်လက်ပြီး တောင်းဆိုချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဒေါ်မေရီစံ (‘ဝ’ အသင်းတော် အသင်းသူ)

Facebook မှတဆင့် နှုတ်ကပတ်တော်တွေ အများကြီး ကြိုတင်နားထောင်ခွင့်ရခဲ့ပါတယ်။ ဒါကြောင့်ဒီဆရာတွေက တကယ်ပဲ စစ်မှန်တဲ့ဘုရားရဲ့အသင်းတော်၊ ဘုရားသခင်ကျွန်ဖြစ်တယ် လို့ယုံကြည်တယ်။ ခံစားမိခဲ့တယ်။ ကျွန်မတို့ အရင် အသင်းတော်မှာ ဆိုရင်အပြစ်ရှိတယ်။ ခွင့်လွှတ်ပါလို့ ပလ္လင်ပေါ်မှာ ဆုတောင်းတိုင်း ဝန်ချတောင်းပန်ရတယ်။ အခုဆိုရင် အပြစ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက် သွားပါပြီ။ ဒါပေမဲ့ အခုဆိုရင် ကျွန်မတို့က အပြစ်တွေ အားလုံး လွတ်သွားပြီ။ ယေရှုက တစ်ခါထဲ ယူသွားပြီ။ လက်ဝါးကားတိုင်မှာ ယေရှုအားဖြင့် အားလုံး ရှင်းပေးလိုက်ပြီ ဖြစ်ကြောင်း ထာဝရအပြစ်လွတ်ခြင်း အကြောင်းကို သေချာသဘောပေါက်ခွင့် ရခဲ့ပါတယ်။ ဖြောင့်မတ်ခြင်းလည်းရခဲ့လို့ တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မတို့က အရက်သောက်ရင်လည်း အပြစ်တွေအားလုံးလွတ်သွားပြီ။ ကျွန်မတို့အပြစ်တွေ အားလုံးလွတ်သွားပြီလို့ ရှင်းလင်းစွာ သဘောပေါက်ခွင့်ရလို့ တကယ်ကျေးဇူးတင်တယ်။ အရင်အသင်းတော်မှာဆိုရင် အပြစ်လုပ်ရင် အပြစ်ရှိတယ်။ အပြစ်မလုပ်ရင်လည်း အပြစ်ရှိတယ်။ အပြစ်တရားထဲမှာ သံသရာလည်နေတယ်။ ဒါပေမဲ့ အပြစ်အားလုံးကို ယေရှုက အတိတ်၊ ပစ္စုပန်၊ အနာဂတ် အပြစ်အားလုံး တစ်ကြိမ်တည်းနဲ့  ယူဆောင်သွားပြီလို့ သိခွင့်ရပါတယ်။ ဒါကြောင့် ကျွန်မက ရှေ့ဆက်ပြီး သင်တန်းတွေ လုပ်မယ်ဆိုရင်လည်း လူတွေအများကြီး ဖိတ်ခေါ်ပြီး လာနားထောင်ခိုင်းမယ်။ အခုလည်း လူတွေဖိတ်ခေါ်ပြီးသင်တန်း တက်ရောက်ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဆရာမ ရွန်းနယ်ပါရ်‌ (Presbyterian  အသင်းတော်ဓမ္မအမှုတော်ဆောင်)

အမှုတော်ဆောင်တွေကို ခွန်အားပေးတဲ့ ခေါင်းစဥ်ကို သဘောကျတယ်။ ဒုတိယအကြိမ်တက်ရောက်တာဖြစ်တယ်။ ဒီမှာ Performance တွေကိုလည်း အများကြီး သဘောကျပါတယ်။ အပြုံးမျက်နှာနဲ့ ဖျော်ဖြေတဲ့အရာတွေ တကယ်သဘောကျခဲ့တယ်။ World Camp Video Clip ကြည့်ခြင်းဖြင့်လည်း ခွန်အားရခဲ့တယ်။ လူငယ်တွေက သမ္မာကျမ်းစာဆီသို့  လှည့်သွားတဲ့အရာကို တွေ့တဲ့အခါ သဘောကျခဲ့တယ်။ ဒီသင်တန်းမှာ နှုတ်ကပတ်တော် ခွန်အားရတာကတော့ ကျွန်မတို့က ကယ်တင်ခြင်း လက်မခံမှီ အပြစ်လုပ်တယ်။ လက်ခံပြီးရင်လည်း အပြစ်လုပ်တာပဲ။ ဘာမှ ခြားနားမှု မရှိခဲ့ဘူးပေါ့။ ဒါပေမဲ့ အခုဆိုရင် ကျွန်မတို့က ယေရှုခရစ်တော်အားဖြင့် ဖြောင့်မတ်ခြင်း ရခဲ့တယ်။ ကြိုးစားတဲ့ အချိန်မှာ ရတာမဟုတ်ဘဲနဲ့ အသွေးတော် သက်သက်အားဖြင့် အပြစ်ကနေလွတ်ခြင်း အခွင့်ရတဲ့အရာက ယေရှုခရစ်တော်ကြောင့် ဖြစ်တယ်လို့ ဆရာကြီးက ခဏခဏ ပြောခဲ့တဲ့အချိန်မှာ တကယ်ကို ခွန်အားရခဲ့ပါတယ်။ ဆရာကြီး Rev. Kim Jong Ho ကလည်း မြန်မာနိုင်ငံအတွက် ဘုရားသခင်က ရွေးကောက်တဲ့ တန်ဆာဖြစ်တယ် လို့ယုံကြည်ပါတယ်။ ဆက်လက်ပြီး သင်တန်းတွေ လုပ်ရင်လည်း ပါဝင်ဦးမယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်၊၊

ဆရာအယ်ကပေါ (ကွတ်ခိုင်အသင်းတော်)               

 ဘုရားသခင်ကျွန် ဆရာကြီးက မြန်မာပြည်ရောက်လာတဲ့ အချိန်ကစပြီး သွားတဲ့နေရာတိုင်းမှာ အားရပါးရ အလုပ်လုပ်ပေးတဲ့အရာ မြင်တွေ့ရတဲ့အခါမှာ ကျွန်တော်တို့ ကွတ်ခိုင်အသင်းတော်ကိုလည်း ဘုရားသခင်ကျွန်ကို ဖိတ်ခေါ်ပြီး အနီးကပ် ဘုရားသခင်ကျွန်ရဲ့ လမ်းပြခြင်းခံယူဖို့  ဖြစ်လာပါတယ်။ နှုတ်ကပတ်တော်နားထောင်တဲ့အခါမှာ အနူလေးယောက်က ဒီတိုင်းထိုင်နေရင်လည်း သေမယ်။ မြို့ထဲ ဝင်လည်းအစာငတ်ပြီး သေမယ်။ ရန်သူတွေဆီ သွားရင်လည်းသေရမယ် ဆိုပေမယ့် ဘုရားသခင်မစ ပေးမယ်ဆိုရင် အသက်ရှင်လို့ရတယ်။ ဒါကြောင့် သူတို့အချင်းချင်း တိုင်ပင်ပြီး ရှုရိတပ်ကို သွားခဲ့ပါတယ်။ အနူရောဂါသည်ဖြစ်လို့ ခြေလက်မစုံလင်တဲ့အရာ အားနည်းတဲ့အရာများလို့ လမ်းပျောက်သွားရင် ချော်လဲတဲ့အရာရှိပေမယ့် ဘုရားသခင်က ကြီးစွာသော ဗိုလ်ခြေရဲ့ အသံအဖြစ် ပြောင်းလဲစေခဲ့ပါတယ်။ ရန်သူတွေဆီ ရောက်သွားတဲ့ အခါမှာလည်း စားစရာ ပေါများစွာ စားသောက်ပြီး ရွှေငွေများစွာ လက်ခံရရှိခဲ့ပါတယ်။ ဒီနှုတ်ကပတ်တော် ခွန်အားယူပြီးတော့ ခြေလှမ်းလှမ်း ကြည့်တဲ့အခါမှာ ဘုရားသခင် ပြင်ဆင်ထားတဲ့ ကျေးဇူးတော်များစွာကို ဒီနှုတ်ကပတ်တော် အတိုင်း လက်ခံရရှိခဲ့ပါတယ်။

ယခုတစ်ခေါက် ရှမ်းပြည်နယ်မြောက်ပိုင်းဧဝံဂေလိခရီးစဉ်တွင် ဆရာကြီး Rev. Kim Jong Ho အားဖြင့် ဘုရားသခင်၏ ကြီးမားစွာ အလုပ်လုပ်သည့်အရာများကို ဆက်လက်ပြီး မြင်တွေ့နေရပါသည်။ CLF ကျမ်းစာသင်တန်းများ ပြုလုပ်ခြင်းအားဖြင့်လည်း တိကျသော အပြစ်လွတ်ခြင်း၊ ယုံကြည်ခြင်းတရားကို နားလည်သဘောပေါက်လာခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများ၏ စိတ်နှလုံးထဲတွင်လည်း  ဝမ်းမြောက်ခြင်းဖြင့် အိပ်စက်ပြီး မျှော်လင့်ခြင်းဖြင့် နိုးထဖို့ရန် နှုတ်ကပတ်တော် ပြည့်ဝနေခဲ့ပါသည်။

နောက်ဆုံးတင်ထားသော ပို့စ်များ